အပြင်မှာတကယ်ရှိပြီး ရက်စက်သွေးအေးတဲ့ "ချင်ဘုရင်"ဇာတ်ကောင်ကို ပုံဖော်ခဲ့တဲ့ မင်းသားများ

Posted on - Nov 11 []

Mia Zin

စာရေးသူ

၂၀၁၇ ခုနှစ်တုန်းက ထုတ်လွှင့်ပြသခဲ့ဖူးတဲ့ "မောင့်မိဖုရား" (သို့မဟုတ်) "မောင့်ချစ်သည်းဧကရီ" ဆိုတဲ့ တရုတ်ဇာတ်လမ်းတွဲကို ပရိသတ်တွေ အတော်များများမှတ်မိကြမယ်ထင်ပါတယ်။ မင်းသား Vin Zhang / Zhang Bin Bin နဲ့ မင်းသမီး Dilraba Dilmurat တို့ တွဲဖက်ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ ထိုဇာတ်လမ်းတွဲဟာ အောင်မြင်မှုတွေ အများအပြားရရှိခဲ့တာဖြစ်ပြီး တရုတ်ဇာတ်လမ်းတွဲတွေရဲ့ အောင်မြင်မှုအရှိန်ကို ပိုမိုမြင့်မားစေတဲ့ဇာတ်လမ်းတွဲဖြစ်တယ်လို့တောင် မှတ်ချက်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။

ရက်စက်သွေးအေးတဲ့ ဘုရင်တစ်ပါးနဲ့ ဖိအားပေးမှုတွေကြောင့် ကြင်ယာတော်အဖြစ်နဲ့ အသိမ်းပိုက်ခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်တို့ရဲ့အကြားက ဇာတ်လမ်းကို သေသပ်လှတဲ့ ဇာတ်အိမ်တည်ဆောက်မှု၊ ကြီးကျယ်ခမ်းနားလှတဲ့ ရိုက်ကွင်းအပြင်အဆင်တွေနဲ့ ရိုက်ကူးပြသထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ပရိသတ်တွေကို ကြည်နူးစရာခံစားမှုနဲ့ နာကျင်ဝမ်းနည်းမှုတွေကို အပြည့်အ၀ပေးနိုင်တဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းထဲမှာတော့ အသက် ၁၃ နှစ်အရွယ်နဲ့ ဘုရင်အဖြစ်တင်မြှောက်ခြင်းခံလိုက်ရတဲ့ ယင်ဇန်းဟာ ငယ်စဉ်ကလေးဘ၀တုန်းက နာကျင်မှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေနဲ့ ကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဏာစက်ပြင်းတဲ့ "ချင်"နိုင်ငံရဲ့ဘုရင်ဖြစ်လာတဲ့အခါမှာတော့ သူဟာ ရက်စက်ပြီးသွေးအေးတဲ့ ဘုရင်တစ်ပါးအသွင်ကို ပြောင်းလဲသွားခဲ့ပါတယ်။

သူငယ်စဉ်တုန်းက ဒုက္ခရောက်ချိန်မှာ ကူညီကယ်တင်ပေးခဲ့တဲ့ ကုန်းစွန်းလီဆိုတဲ့ မိန်းကလေးကို သူ ဘုရင်ဖြစ်ပြီးနောက် ပြန်လည်တွေ့ဆုံလိုက်ရချိန်မှာတော့ ထိုမိန်းကလေးကို ပိုင်ဆိုင်ရရှိဖို့အတွက် ကြိုးစားခဲ့ပါတော့တယ်။ ထိုမိန်းကလေးကို ဖိအားပေးမှုတွေနဲ့ ကြင်ယာတော်အဖြစ် သိမ်းပိုက်ခဲ့ပေမယ့်လည်း သူတို့ ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ ရင်နင့်စရာကောင်းလွန်းတဲ့ ၀မ်းနည်းစရာဇာတ်သိမ်းဖြစ်ခဲ့တယ်ဆိုတာကို ကြည့်ရှုဖူးသူ ပရိသတ်တွေ အသိပါပဲ။

ဒီဇာတ်လမ်းပုံစံဟာ ဇာတ်လမ်းတွဲထဲကပုံစံဖြစ်တယ်ဆိုပေမယ့်လည်း ထို "ချင်ဘုရင်" ဆိုတဲ့ ဇာတ်ကောင်ကတော့ အပြင်လောကမှာ အမှန်တကယ်ရှိခဲ့ဖူးတဲ့ဘုရင် ဖြစ်တယ်လို့ သိပါတယ်။ သူဟာ တရုတ်နိုင်ငံတစ်ခုလုံးကို တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် ကြိုးပမ်းခဲ့တဲ့ ပထမဆုံးသော အင်ပါယာမင်းဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ ဘုရင်တစ်ပါးလည်း ဖြစ်ပါသေးတယ်။ နိုင်ငံရဲ့ ငွေကြေးတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးခဲ့တဲ့သူဟာ ရက်စက်သွေးအေးတယ်ဆိုပေမယ့်လည်း မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ်နဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

ထိုဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့သူကတော့ Vin Zhang တစ်ယောက်တည်းမဟုတ်ပါဘူး။ နောက်ထပ်မင်းသား ၂ ယောက်လည်းရှိပါသေးတယ်။ သူတို့ကတော့ ဟောင်ကောင်မင်းသား Raymond Lam နဲ့ တရုတ်မင်းသား Tong Meng Shi တို့ပဲ ဖြစ်ပါတယ်။ ဇာတ်ကောင်တွေတူတယ်ဆိုပေမယ့်လည်း ပုံဖော်ခဲ့ကြပုံချင်းကတော့ ကွဲပြားမှုတွေရှိနေတာကို တွေ့ရပါတယ်။

Tong Meng Shi ဟာဆိုရင် The Legend Of Hao Lan ဇာတ်လမ်းတွဲမှာ ငယ်ရွယ်တဲ့ဘုရင် ယင်ဇန်းအဖြစ်နဲ့ ဇာတ်ပို့နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ခက်ထန်မှုတွေနဲ့အတူ နူးညံ့မှုတွေလည်းရှိတဲ့ ယင်ဇန်းရဲ့ ဇာတ်ရုပ်ကို သရုပ်ဖော်ခဲ့တဲ့ Tong Meng Shi ရဲ့ သရုပ်ဆောင်ချက်က အနည်းငယ်လိုအပ်ချက်တွေရှိတယ်လို့ ပရိသတ်တွေက သတ်မှတ်ခဲ့ကြပေမယ့်လည်း ဇာတ်ရုပ်နဲ့ လိုက်ဖက်မှုရှိတယ်လို့လည်း ချီးကျူးခံခဲ့ရပါတယ်။

မင်းသား Raymond Lam ကတော့ ယင်ဇန်း ဇာတ်ကောင်ကို ၂၀၀၁ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ A Step Into The Past ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ယင်ဇန်းဇာတ်ရုပ်ကို ပထမဆုံးသော ပုံဖော်ခဲ့တာမို့လို့ ပရိသတ်တွေက ဒါဟာ အောင်မြင်ဖို့တော့ ခက်မယ်လို့ ထင်ခဲ့ကြပါတယ်။ အခုလက်ရှိမှာ အသက် ၄၀ ရှိနေပြီဖြစ်တဲ့ မင်းသားကြီးဟာ ထိုဇာတ်လမ်းတွဲကို ရိုက်ကူးစဉ်အချိန်တုန်းက အသက် ၂၁ နှစ်ပဲ ရှိသေးတာဖြစ်ပါတယ်။ ထိုဇာတ်လမ်းတွဲထဲက ယင်ဇန်းဇာတ်ကောင်ကတော့ ငယ်စဉ်တုန်းက ခပ်အအနဲ့ အားနည်းသူဖြစ်ပေမယ့်လည်း အာဏာရပြီးတဲ့အခါမှာတော့ ရက်စက်တဲ့ဘုရင်အဖြစ်ကို ပြောင်းလဲသွားတဲ့ပုံစံမျိုးဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်တစ်ယောက်ကတော့ ပရိသတ်တွေကို ယင်ဇန်းဆိုတဲ့ ဇာတ်ကောင်နဲ့ ပိုမိုရင်းနှီးအောင်၊ ထိုဇာတ်ကောင်ကို ပိုမိုရုပ်လုံးပေါ်အောင်ကြိုးပမ်းခဲ့တဲ့ Vin Zhang ပါပဲ။ Vin Zhnag ဟာ The King's Woman (မောင့်မိဖုရား) ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအဖြစ်နဲ့ ပထမဆုံးသရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ထိုဇာတ်လမ်းတွဲနဲ့ အခိုင်အမာရရှိခဲ့တယ်လို့ ဆိုလို့ရပါတယ်။

သူ သရုပ်ဖော်ခဲ့တဲ့ ယင်ဇန်းဇာတ်ရုပ်ကတော့ ချောမောပြီး ရက်စက်သွေးအေးတဲ့ ဘုရင်၊ အချစ်ကြီး အမျက်ကြီးတဲ့ဘုရင်ပုံစံမျိုးဖြစ်တာမို့လို့ ပရိသတ်တွေကတော့ ဒီဇာတ်ရုပ်ဟာ သူနဲ့လိုက်ဖက်မှုရှိတယ်လို့ သတ်မှတ်ပေးခဲ့ကြပါတယ်။ ပရိသတ်တွေကရော ဘယ်သူသရုပ်ဆောင်ထားတဲ့ ယင်ဇန်း (သို့မဟုတ်) ချင်ဘုရင် ဇာတ်ကောင်က ပိုပြီးအမှတ်ရစရာကောင်းတယ်၊ ကြည့်ရှုသူပရိသတ်တွေရဲ့ ရင်ထဲမှာ စွဲထင်ကျန်ရစ်နေတယ်လို့ ထင်မိပါသလဲ။

Ref : Dramapanda
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။