ရိုက်ကူးရေးအတူလုပ်ပြီးနောက် ဖူးစာဆုံရွှေလက်တွဲခဲ့ကြတဲ့ တရုတ်အနုပညာရှင် စုံတွဲများ

Posted on - Jun 9 []

Mia Zin

စာရေးသူ

ကြီးမားကျယ်ပြန့်လှတဲ့ တရုတ်နိုင်ငံရဲ့ ဖျော်ဖြေရေးလောကမှာ နာမည်ကျော် ထိပ်တန်းသရုပ်ဆောင်တွေဆိုတာ အများအပြားရှိပါတယ်။ အခုတစ်ခါဖော်ပြတင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဇာတ်လမ်းတွဲတွေမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြပြီးနောက်ပိုင်း ဖူးစာဆုံရွှေလက်တွဲသွားခဲ့ကြတဲ့ တရုတ်နိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေ ဖြစ်ကြပါတယ်။ သူတို့တွေက ဘယ်သူတွေလဲဆိုတာကို ဆက်လက်ကြည့်ရှူကြည့်လိုက်ကြရအောင်။

1. Wallace Huo & Rubby Lin

Wallace Huo နဲ့ Rubby Lin တို့ ၂ ယောက်ကတော့ ၂၀၀၆ ခုနှစ်က ရိုက်ကုးခဲ့တဲ့ "Sound of The Clouds" ဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြရင်းနဲ့ တွေ့ဆုံခဲ့ကြတဲ့သူတွေ ဖြစ်ကြပါတယ်။ သူငယ်ချင်းတွေအဖြစ်နဲ့ နှစ်တွေအကြာကြီး ဖြတ်သန်းခဲ့တဲ့ သူတို့ ၂ ဦးဟာ ၂၀၁၆ ခုနှစ်မှာမှ ဒိတ်လုပ်နေကြတယ်ဆိုတာကို ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။

အသိပေးပြီး သိပ်မကြာခင် ၂၀၁၆ ခုနှစ်မှာပဲ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ရင်းနှီးသူမိတ်ဆွေအချို့နဲ့ မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။ သူငယ်ချင်းတွေအဖြစ်နဲ့ နှစ်အကြာကြီး ဖြတ်သန်းပြီးမှ ချစ်သူရည်းစားတွေကို ကူးပြောင်းလိုက်ရတဲ့အကြောင်းအရင်းကတော့ ၂ ယောက်လုံးဟာ တစ်ယောက်ကို တစ်ယောက် မေတ္တာသက်ဝင်နေခဲ့ကြပေမယ့် ဖွင့်ပြောလိုက်ရင် သူငယ်ချင်းသံယောဇဉ်တွေ ကုန်ဆုံးသွားမှာစိုးတာကြောင့် ခံစားချက်တွေကို နှစ်အတော်ကြာမြိုသိပ်ထားခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖူးစာမှန်တော့ လက်တွဲခဲ့ကြရပြီး သူတို့ဇနီးမောင်နှံဟာ အခုဆိုရင် သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ရရှိထားပါပြီ။

2. Nicky Wu and Liu Shi Shi

သူတို့ ၂ ဦးကတော့ ၂၀၁၁ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ Scarlet Heart ဇာတ်လမ်းတွဲရိုက်ကူးရင်းနဲ့ တွေ့ဆုံခဲ့ကြတဲ့သူတွေ ဖြစ်ကြပါတယ်။ မေတ္တာသက်ဝင်နေကြပြီဆိုတဲ့အကြောင်းကိုတော့ ၂ ဦးစလုံးက သူတို့ရဲ့ Weibo စာမျက်နှာတွေကနေဆင့် ပရိသတ်တွေကို ၂၀၁၅ ခုနှစ်မှာ အသိပေးခဲ့ကြပြီး ၂၀၁၆ ခုနှစ် မတ်လမှာတော့ တရားဝင်လက်ထပ်ခဲ့ကြပါတယ်။

လက်ထပ်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ပြုလုပ်ခဲ့ပြီး သတို့သမီး Liu Shi Shi အတွက် လုံးဝမမေ့နိုင်တဲ့ မင်္ဂလာပွဲလေးဖြစ်ဖို့အတွက် Nicky က ယွမ် သန်း ၂၀ (ကန်ဒေါ်လာ ၃ သန်း) ကို သုံးစွဲခဲ့ကာ မင်္ဂလာပွဲမှာ သုံးတဲ့ပန်းတွေကိုတောင် နယ်သာလန်နဲ့ အီကွေဒေါ နိုင်ငံတွေကနေ တိုက်ရိုက်မှာယူခဲ့တယ်လို့ သိရပါတယ်။

သူတို့ ဇနီးမောင်နှံဟာ လက်ထပ်ပြီး ၃ နှစ်အကြာ ၂၀၁၉ ခုနှစ် ဧပြီလမှာတော့ သားဦးလေးကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။

3. Chen Xiao and Michelle Chen

Michelle Chen နဲ့ Chen Xiao တို့ ၂ ဦးကတော့ "Return of the Condor Heroes" ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ကြပြီးနောက်ပိုင်း ချစ်ကျွမ်းဝင်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ သူတို့ ၂ ဦး ချစ်ကြိုက်နေကြတယ်ဆိုတာကိုတော့ ၂၀၁၅ ခုနှစ် သြဂုတ်လလောက်မှာ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ဒိတ်လုပ်ပြီး (၇) လ အကြာမှာတော့ Michelle Chen က Chen Xiao ရဲ့ လက်ထပ်ခွင့်တောင်းတာကို လက်ခံခဲ့ပြီး အချိန်တိုအတွင်း လက်ထပ်ဖို့ကို လက်ခံခဲ့တဲ့အကြောင်းအရင်းကတော့ Chen Xiao ကို တွေ့မြင်မိတဲ့အခါတိုင်း လက်ထပ်ချင်စိတ်တွေုဖြစ်ပေါ်လာမိလို့ပါတဲ့။ လက်ထပ်ခွင့်တောင်းတဲ့နေရာကတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာဖြစ်ပြီး “The Romance of the Condor Heroes” ထဲက Michelle ရဲ့ ပုံကို Chen Xiao ကိုယ်တိုင် 3D ရေးဆွဲပြီး ယွမ် ၁.၆ သန်း (ကန်ဒေါ်လာ ၂၃၀၀၀၀) တန် ၂ ကာရက်စိန်လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ သူတို့ ၂ ဦးဟာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ တရားဝင်လက်ထပ်မှတ်ပုံတင်ခဲ့ကြပြီး မင်္ဂလာပွဲကို Beijing, Taipei နဲ့ Anhui မြို့ကြီးတွေမှာ ၃ ပွဲကျင်းပခဲ့ပါတယ်။ သားဦးလေးဖြစ်တဲ့ Chen Mu Che ကိုတော့ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

4. Luo Jin and Tang Yan

နောက်ထပ် ဖူးစာမှန်ကန်တဲ့ စုံတွဲတစ်တွဲကတော့ Luo Jin နဲ့ Tang Yan တို့စုံတွဲဖြစ်ပါတယ်။ သူတို့ ၂ ယောက်ဟာ ၂၀၁၃ ခုနှစ်တုန်းက “Agent X” ဆိုတဲ့ ဒရမ်မာရိုက်ကူးပြီးနောက် ဒိတ်ခဲ့ကြပေမယ့် ခဏတာလမ်းခွဲပြတ်စဲသွားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း “Diamond Lover,” “Princess Weiyoung,” နဲ့ “The Way We Were” အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ တစ်ယောက်နဲ့ တစ်ယောက်အကြားက သံယောဇဉ်တွေက ပိုလို့တောင်မှ ခိုင်မြဲခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ၂ ယောက်သားဟာ သူတို့ရဲ့ အချစ်ရေးကို တရားဝင်ထုတ်မပြောပဲ လအတန်ကြာသည်အထိ ဖုံးကွယ်ထားခဲ့ပြီး ကောလဟာလသတင်းအဖြစ်နဲ့သာရှိစေခဲ့ကာ Tang Yan ရဲ့ အသက် ၃၃ နှစ်မြောက်မွေးနေ့ဖြစ်တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှသာလျှင် တရားဝင်အသိပေးခဲ့တာ ဖြစ်ပါတယ်။

ရိုမန်တစ်ဆန်တဲ့ မင်္ဂလာပွဲကိုတော့ Austria နိုင်ငံ၊ Vienna မြို့မှာရှိတဲ့ Belvedere Palace မှာ ပြုလုပ်ခဲ့ပြီး သီးသန့်ဆန်လွန်းတဲ့ မင်္ဂလာပွဲလေးဖြစ်ပေမယ့်လည်း ပရိသတ်သန်းပေါင်းများစွာရဲ့ စိတ်ဝင်စားခြင်းကို ရရှိခဲ့ပါတယ်။

5. Zhao Li Ying and Feng Shao Feng

Ice Fantasy ဇာတ်လမ်းတွဲထဲက မင်းသား Feng Shao Feng နဲ့ Boss & Me ဇာတ်လမ်းတွဲထဲက မင်းသမီး Zhao Li Ying တို့ဟာ Monkey King 3 ရုပ်ရှင်ရိုက်ကူးရင်းနဲ့ တွေ့ဆုံခဲ့ကြတဲ့သူတွေ ဖြစ်ကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့ ၂ ဦးဟာ 'Story of Minglan' ဇာတ်လမ်းတွဲထဲမှာ ထပ်မံပြီး အတူတူပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့အတွက် ၂ ယောက်သားရဲ့ တွေ့ဆုံရင်းနှီးမှုဟာ အချိန်ကြာလာခဲ့ပြီး တစ်ဦးနဲ့တစ်ဦး မေတ္တာသက်ဝင်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ချစ်ကြိုက်နေကြပါတယ်လို့ တရားဝင်မကြေညာခဲ့ကြတဲ့အတွက် ပရိသတ်တွေက သူတို့ ၂ ဦးသား ချစ်ကြိုက်နေတယ်ဆိုတာကို ကောလဟာလသတင်းတစ်ခုအဖြစ်နဲ့သာ သဘောထားခဲ့ကြပြီး သို့လော သို့လော အတွေးမျိုးနဲ့သာ တွေးမြင်ခဲ့ကြပါတယ်။ အဲဒီလို ကောလဟာလသဘောမျိုးနဲ့သာ သတင်းတွေထွက်ရှိနေတဲ့အချိန် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ Zhao Li Ying က သူမတို့ ၂ ဦးဟာ လက်ထပ်ပြီးကြပြီဖြစ်တဲ့အကြောင်းကို သူမရဲ့ Weibo အကောင့်ကနေတဆင့် ပရိသတ်တွေကို တရားဝင်အသိပေးခဲ့ပါတယ်။

ဒီ ၂၀၁၉ ခုနှစ် မတ်လ အစောပိုင်းမှာတော့ သားဦးလေးကို မွေးဖွားခဲ့ပြီး အခုဆိုရင် သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားနေရပြီ ဖြစ်ပါတယ်။

Ref : Soompi
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။