ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထိုင်းအသင်းကို ၁၃ဂိုးသွင်းပြီး စံချိန်သစ်တင်လိုက်တဲ့ အမေရိကန်

Posted on - Jun 12 []

Htoo Yan Ag

စာရေးသူ

အမေရိကန် အမျိုးသမီး ဘောလုံးအသင်းဟာ ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု F ရဲ့ အဖွင့် ပွဲစဉ်အဖြစ် ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာတော့ (၁၃-၀) ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ခြေပြတ် အနိုင်ရရှိခဲ့ပြီး အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး နိုင်ပွဲအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

အမေရိကန်အသင်းရဲ့ တိုက်စစ်မှူး အဲလက်စ်မော်ဂန်ဟာ အဆိုပါနိုင်ပွဲမှာ အထူးခြေစွမ်းပြခဲ့ပြီး ၅ဂိုးသွင်းယူကာ သုံးဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အမေရိကန် အမျိုးသမီးအသင်းဟာ ပထမပိုင်းမှာတော့ ထိုင်းအသင်းကို သုံးဂိုးသာ သွင်းယူထားနိုင်ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ဂိုးတွေတရစပ် ထပ်မံသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးဆုံးဖို့ ၁၅မိနစ်အလိုအထိ (၇-၀) ရလဒ်သာ ထွက်ပေါ်နေသေးပေမယ့်လည်း ၁၅မိနစ်အတွင်းမှာ တိုက်စစ်တစ်ခါဆင်တိုင်း တစ်ဂိုးရခဲ့ပြီး နောက်ထပ် ၆ဂိုး ထပ်မံသွင်းယူနိုင်ခဲ့တာပါ။ ယခင်က ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး ပွဲစဉ်အဖြစ် ၂၀၀၇ခုနှစ်က ကစားခဲ့တဲ့ ဂျာမနီ ၁၁-၀ အာဂျင်တီးနား ပွဲက စံချိန်တင်ထားခဲ့တာဖြစ်ပြီး ၄င်းစံချိန်ကို အမေရိကန်က ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဂိုးအပြတ်ဆုံးက ၉ဂိုးဖြစ်ပြီး ၁၉၇၄ခုနှစ်မှာ ယူဂိုဆလားဗီးယားအသင်းက ဇိုင်ရီအသင်းကို (၉-၀) ၊ ၁၉၅၄ ခုနှစ်မှာ ဟန်ဂေရီအသင်းက တောင်ကိုရီးယားအသင်းကို (၉-၀) စတဲ့ ပွဲတွေက စံချိန်တင်ထားတာ ဖြစ်ပြီး ၁၉၈၂ ခုနှစ်ကလည်း ဟန်ဂေရီအသင်းက အယ်ဆာဗေးဒိုးအသင်းကို (၁၀-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကလည်း တစ်ပွဲအပါအဝင် ဖြစ်ခဲ့ပါတယ်။

အမေရိကန်အမျိုးသမီးအသင်းရဲ့ မညှာမတာ ဂိုးသွင်းယူမှုကို ခံရပြီးနောက်မှာတော့ ထိုင်းအမျိုးသမီးအသင်းဟာ ကွင်းအတွင်းကနေ မျက်ရည်စက်လက်နဲ့ ထွက်ခွာသွားခဲ့ရပါတယ်။ အမေရိကန် အမျိုးသမီးဘောလုံးအသင်းဟာ ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျပန် ၊ အင်္ဂလန် စတဲ့အသင်းတွေနည်းတူ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ယခုလိုအဖွင့်ပွဲမှာတင် ဂိုးပြတ် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။