အသက်၂၀အရွယ်မှာတင် ကစားသမားဘဝ ဂိုး၁၀၀ပြည့်သွားခဲ့တဲ့ အမ်ဘက်ပီ

Posted on - Jun 12 []

Htoo Yan Ag

စာရေးသူ

မနေ့က ကစားခဲ့တဲ့ ယူရို၂၀၂၀ ခြေစစ်ပွဲ အုပ်စုပွဲစဉ်မှာတော့ ပြင်သစ်အသင်းဟာ အန်ဒိုရာအသင်းကို (၄-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ပြင်သစ်အသင်းရဲ့ PSG တိုက်စစ်မှူး အမ်ဘက်ပီဟာ အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီးနောက်မှာ ကစားသမားဘဝ သွင်းဂိုး ၁၀၀ပြည့်သွားခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ရှေ့ပွဲစဉ်မှာ တူရကီအသင်းကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့တာကြောင့် ယခုပွဲစဉ်မှာ အကောင်းဆုံး ကြိုးစားကစားသွားခဲ့ကြပြီး ပွဲအစ၁၁မိနစ်မှာတင် ဂရစ်ဇ်မန်းရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် အမ်ဘက်ပီက အကောင်းဆုံး အဆုံးသတ်ပေးခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ ပထမပိုင်းမှာတင် သုံးဂိုးပြတ် အနိုင်ရနေခဲ့ပြီး အမ်ဘက်ပီ ၊ ဘန်ယက်ဒါ ၊ သော်ဗင် ၊ ဇူးမားတို့က အသီးသီး ဂိုးတွေ သွင်းယူပေးခဲ့ကြပါတယ်။

အသက် ၂၀အရွယ်သာ ရှိသေးတဲ့ လူငယ်တိုက်စစ်ကစားသမား ကိုင်လီယန် အမ်ဘက်ပီဟာ စီနီယာ ကစားသမားဘဝ ပွဲပေါင်း ၁၈၀သာ ကစားရသေးသူ ဖြစ်ပြီး ယခင် မိုနာကို အသင်းနဲ့ လက်ရှိ PSG အသင်းတို့အတွက် သွင်းဂိုး စုစုပေါင်း ၈၇ဂိုးအထိ သွင်းယူပေးထားနိုင်သူပါ။ မနေ့ညက ကစားခဲ့တဲ့ သွင်းဂိုးဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၁၃ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ သွင်းဂိုး စုစုပေါင်း ၁၀၀ တိတိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာလည်း အမ်ဘက်ပီဟာ ပြင်သစ်အသင်းအတွက် သွင်းဂိုး၎ဂိုး သွင်းယူပေးခဲ့ပြီး အသင်းကို ကမ္ဘာ့ဖလား ဆွတ်ခူးစေခဲ့ကာ သူကိုယ်တိုင်လည်း အကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒါ့အပြင် ပြီးဆုံးသွားပြီဖြစ်တဲ့ ပြင်သစ်လီဂူးပြိုင်ပွဲမှာလည်း ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ၃၃ဂိုးအထိ သွင်းယူကာ ဒုတိယနေရာက လိုင်လီတိုက်စစ်မှူး နီကိုလပ်စ်ပီပီထက် ၁၁ဂိုးတိတိ သာလွန်ခဲ့ပါတယ်။

ဥရောပ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုမှာတော့ မက်ဆီကို မကျော်ခဲ့တာကြောင့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ အမ်ဘက်ပီဟာ PSG မှာကစားရင်း ပြင်သစ်လီဂူး တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။ အသက် ၂၀အရွယ်နဲ့တင် သွင်းဂိုး ၁၀၀ပြည့်ခဲ့တဲ့ အမ်ဘက်ပီဟာ ဘောလုံးလောကမှာ ဘယ်လောက်အထိ တောက်ပလာဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာလည်း ဖြစ်ပါတယ်။

REF : goal.com
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။