ကလေးဘဝကတည်းက အာဆင်နယ်အသင်းကို အားပေးခဲ့တာဖြစ်ကြောင်း ဝန်ခံလိုက်တဲ့ ပေါ့ဘာ

Posted on - Jun 12 []

Htoo Yan Ag

စာရေးသူ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ ငယ်စဉ်ကလေးဘဝကတည်းက အာဆင်ဝင်းဂါးကိုင်တွယ်ခဲ့တဲ့ အာဆင်နယ်အသင်းကို အားပေးခဲ့တာ ဖြစ်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အသက်၂၆နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ အာဆင်နယ်အသင်းရဲ့ ဂန္ထ၀င်​တိုက်စစ်မှူး သီယာရီအွန်နရီနဲ့ ဂန်းနားတို့ရဲ့ ကပ်ပတိန်ကြီး ပက်ထရစ် ဗီအဲရာတို့ကို ကလေးပေါက်စ ဘဝကတည်းက အထူးနှစ်ခြိုက်အားပေးသူ ဖြစ်ခဲ့ကြောင်း ပြောကြားသွားခဲ့တာပါ။ ပေါ့ဘာက " ကျွန်တော်က အာဆင်နယ်ပရိသတ်တစ်ယောက်ပါ။ ၁၉၉၉-၂၀၀၀ ခုနှစ်က အာဆင်နယ်အသင်းနဲ့ ပြင်သစ်အသင်းတို့ကို ကျွန်တော် အရမ်းကြိုက်ခဲ့တာပါ။ "

" အဲ့နှစ်သင်းလုံးမှာ အွန်နရီ ၊ ဗီအဲရာ ၊ ဝီလ်တော့ဒ် ၊ ပီရက်စ်တို့ ပါဝင်ကြပါတယ်။ " လို့ ပြောကြားသွားခဲ့ပါတယ်။ အဆိုပါ ပြင်သစ်သားတွေဟာ ၂၀၀၁-၀၂ ရာသီမှာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားနဲ့ FA ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ အကောင်းဆုံးရာသီကတော့ ၂၀၀၃-၀၄ မှာဖြစ်ပြီး တစ်ရာသီလုံး ရှုံးပွဲမရှိခဲ့ပဲ ရွှေဖလားဆွတ်ခူးနိုင်ခဲ့ကာ " The Invincibles " အဖြစ် တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရပါတယ်။

၂၀၀၃ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်တွေမှာလည်း အာဆင်နယ်နဲ့ ပြင်သစ်တိုက်စစ်မှူး အွန်နရီက ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ၂နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။ ပဲရစ်မြို့နဲ့ ၂၅ ကီလိုမီတာ ကွာဝေးတဲ့ Lagny-sur-Marne လမ်းကြားလေးမှာ ဘောလုံးကစားရင်း လက်ရှိအချိန်မှာ ဈေးကွက်တန်ဖိုးအရ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ ဝန်းကျင်ရှိနေပြီဖြစ်တဲ့ ပေါ့ဘာက အွန်နရီဟာ သူအဓိက အားကျခဲ့ရတဲ့ ကစားသမား တစ်ဦးဖြစ်ကြောင်း အခုလို ပြောကြားသွားခဲ့ပါတယ်။

" ကျွန်တော် သူ့ကို အရမ်းသဘောကျပါတယ်။ သူ့ကို အားကျပြီး အရင်က နံပါတ်၉နေရာမှာ ဆော့ကစားခဲ့ပါသေးတယ်။ အဲ့တုန်းက ကျွန်တော် အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့ပါတယ်။ နောက်တော့ ကျွန်တော် ကွင်းလယ်ကို ပြောင်းဆော့ကြည့်ပါတယ်။ အခုတော့ သူငယ်ချင်းတွေက ကျွန်တော့်ရဲ့ ဘောလုံးပေးပို့ပုံတွေကို မယုံကြည်နိုင်အောင် ဖြစ်နေပါပြီ။ ကျွန်တော်က ဂိုးအရမ်းသွင်းချင်သူပါ။ ငယ်ငယ်က ရှုံးတာနဲ့ ငိုပြီး ၂ရက်လောက် ဘယ်သူနဲ့မှ စကားမပြောပဲ နေခဲ့ပါတယ်။ " လို့ ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။

REF : the sun
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။