ဖခင်နီးပါး ဂိုးသွင်းကောင်းတဲ့ ၈နှစ်အရွယ် ရော်နယ်ဒိုဂျူနီယာကို စပို့တင်းလစ္စဘွန်းအသင်း ခေါ်ယူမည်

Posted on - Jun 12 []

Htoo Yan Ag

စာရေးသူ

ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ သားဖြစ်သူ အသက် ၈နှစ်အရွယ် ရော်နယ်ဒို ဂျူနီယာကို ရော်နယ်ဒိုရဲ့ ကစားသမား ဘဝစတင်ရာ ကလပ်အသင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။

Ballon d'Or ငါးဆုရှင် ခရစ်စတီယာနို ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်က မက်ဒရစ်ကနေ တူရင်ကို ပြောင်းရွှေ့လာချိန်မှာ အကြီးဆုံးသားဖြစ်သူကိုပါ ဂျူဗင်တပ်စ်လူငယ်အကယ်ဒမီမှာ ကစားစေခဲ့ပါတယ်။ ဖအေတူသားဖြစ်တဲ့ ရော်နယ်ဒို ဂျူနီယာဟာလည်း ဖခင်ရဲ့ သင်ကြားပြသပေးမှုနဲ့အတူ ပထမဆုံး ပွဲဦးထွက်အဖြစ် လူဆန်တိုအသင်းနဲ့ ပွဲမှာ တစ်ဦးတည်း ၄ဂိုးသွင်းယူပြီး ဂျူဗင်တပ်အသင်းကို (၇-၁) ဂိုးနဲ့ အနိုင်ရရှိစေခဲ့ပါတယ်။

ရော်နယ်ဒိုဂျူနီယာရဲ့ ခြေစွမ်း အပေါ်လွင်ခဲ့ဆုံးအချိန်ကတော့ မာရီတီမိုအသင်းနဲ့ ကစားတဲ့ပွဲစဉ်မှာ ဖြစ်ပြီး (၂၅-၀) ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ကာ သူကိုယ်တိုင် ၇ဂိုးတိတိ သွင်းယူနိုင်ခဲ့ပါတယ်။ Sport Mediaset ရဲ့ ဖော်ပြချက်အရတော့ ရော်နယ်ဒို ဂျူနီယာဟာ ဂျူဗင်တပ်စ်အသင်းအတွက် ပထမဆုံး ကစားတဲ့ရာသီမှာတင် ၅၆ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၂၆ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းဟာ လွန်ခဲ့တဲ့ နှစ်၂၀ခန့်က ရော်နယ်ဒိုရဲ့ အမေဖြစ်သူ Dolores Aveiro ဖြစ်သူထံမှာ ရော်နယ်ဒိုကို အသက်၁၂နှစ်အရွယ်မှာ ခေါ်ယူခဲ့တာ ဖြစ်ပြီး ယခုလည်း သမိုင်းတစ်ကျော့ပြန်လည်ဖို့ ရည်ရွယ်နေကာ ရော်နယ်ဒိုဂျူနီယာကို ခေါ်ယူဖို့ Dolores Aveiro နဲ့ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။ လစ္စဘွန်းအသင်းကြီးမှာ ၃၁ ပွဲ ပါဝင်ကစားပေးခဲ့ပြီးနောက် ၂၀၀၃ခုနှစ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းထံ ပေါင်၁၂.၂၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အသက်၃၄နှစ် ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ကလပ်နဲ့နိုင်ငံအတွက် ပွဲပေါင်း ၉၆၁ပွဲကစားကာ ၆၈၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး မရဖူးတဲ့ ဆုဖလား မရှိတော့လောက်အောင် အောင်မြင်ခဲ့သူ ဖြစ်နေပါပြီ။ ဒါ့အပြင် မရေမတွက်နိုင်လောက်တဲ့ စံချိန်မှတ်တမ်းကောင်းများစွာကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ သားဖြစ်သူနဲ့ပတ်သတ်ပြီး " ကျွန်တော်သူ့ကို ကျွန်တော့်လို ထူးချွန်ဖို့ မျှော်လင့်ပါတယ်။ သူကတော့ သူ့ကိုယ်သူ ကျွန်တော့်ထက်ကောင်းတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲ့ဒါက နဲနဲတော့ခက်ခဲ့ပါလိမ့်မယ်။ သူဂိုးသွင်းတိုင်း ကျွန်တော်ပျော်ပါတယ်။ သူဟာ ဂျူဗင်တပ်စ်မှာ ကျွန်တော့်ထက်တောင် ပိုပြီး အသားကျနေပါသေးတယ်။ " ဆိုပြီး ချီးကျူးသွားခဲ့ပါတယ်။

REF : sport bible
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။