လေးစားဖွယ်ကောင်းတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ စိတ်ဓာတ်ကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ပရိသတ်

Posted on - Jul 8 []

Rowena

စာရေးသူ

လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxer တို့က သီချင်းတွေကို ရေးစပ်နိုင်ရုံသာမက သီချင်းကောင်းတွေကိုလည်း သီဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ လွှမ်းပိုင်နဲ့ Bobby Soxer က (၁၀)နှစ်ကျော် ချစ်သူဘဝကို ပိုင်ဆိုင်ထားပြီး စိတ်တူကိုယ်တူရှိကြတဲ့ ချစ်သူနှစ်ဦး ဖြစ်ပါတယ်။ နိုင်ငံကျော် လူငယ်အဆိုတော်တွေဖြစ်ပေမယ့် မာန်မာနမရှိပဲ ကူညီရိုင်းပင်းတတ်သူတွေလို့ နာမည်ကောင်းနဲ့ ကျော်ကြားသူတွေ ဖြစ်ပါတယ်။

ဒီတစ်ခောက်မှာတော့ ပရိသတ်တစ်ဦးက လွှမ်းပိုင်နဲ့ Bobby Soxer တို့အတွဲလေးရဲ့ လေးစားဖွယ်စိတ်ဓာတ်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရကြောင်း လူမှုကွန်ယက်ပေါ်မှာ အခုလိုပဲ မျှဝေပေးထားပါတယ်။ "Hlwan Paing , Bobby Soxer ကို လေးစားသွားပီ(ပေးချင်တဲ့ Message ရှိလို့ စာရှည်ရှည်အတွက် Attention ယူတယ်လည်းပြောလို့ရတာပေါ့လေ တကယ်လည်း လူငယ်တွေပေမဲ့ လေးစား အထင်ကြီးထိုက်ရလောက်အောင် စိတ်ထားကြံခိုင်သူတွေပါ) စာရှည်ရခြင်းရဲ့ဇာတ်လမ်းက ဒီနေ့လှည်းတန်းကအပြန် ကိုယ်ဆင်းမဲ့မှတ်တိုင်နားရောက်တော့ လမ်းပလတ်ဖောင်းပေါ်မှာ ၁၄ နှစ် ၁၅နှစ်လောက်ပဲရှိသေးမဲ့ကလေးလေးတယောက် နှုတ်ခမ်းတွေဖြူပီး ဗိုက်ကို လက်တဖက်ကအုပ်ပီး လမ်းကို ယိုင်တိုင် ယိုင်တိုင်နဲ့လျှောက်နေတာ Bus ကားပေါ်ကလှမ်းမြင်တာ...သူကိုမြင်လိုက်တာနဲ့ အကူအညီလိုအပ်နေတဲ့လူဆိုတာ သိသာစေလောက်အောင်အားနည်းနေတဲ့လူတယောက်...ကိုယ်က အကူအညီလိုတဲ့လူဆို အဖေအမေသွေးပါသူပီပီ...ကူညီချင်စိတ်ကအပြည့်....ဒါပေမဲ့ ခေတ်ကာလက မကောင်းတော့ကိုယ်ကူညီခြင်းတိုင်းကူညီလို့မရဘူး။ ကာလဒေသန်ကြည့်ရသေးတယ်။"

"ဒါပေမဲ့ ညကမှောင်တော့မယ်။ ငါမောင်လေးသာဆိုရင် ကူညီပေးရမလားမေးကြည့်ပီးမှ ကျန်တာစဉ်းစားပါမယ်လေဆိုပြီး အဲဒီကလေးလေးနားသွား ကလေးဘာဖြစ်တာလည်း နေမကောင်းလို့လား အစ်မဘာကူညီပေးရမလည်းဆိုတော့ အောင်မင်္ဂလာကားကွင်းက ဝေးသေးလားအစ်မတဲ့ လမ်းလျှောက်သွားမှာမို့ ဘယ်လိုသွားရမလည်းတဲ့...... ရောက်နေတာက ၆မိုင်ခွဲ Market Place ရှေ့ ....ဟာလမ်းလျှောက်သွားဖို့မလွယ်ဘူး .... Bus ကားတွေရှိတယ်အဲဒီကားတွေပေါ်တက်လိုက်သွားရမှာဆိုတော့ မဟုတ်ဘူးလမ်းလျှောက်သွားမှာတဲ့....နောက်မှသိတာက ပိုက်ဆံအိပ်ကပျောက်ပီး မိဘဖုန်းနံပါတ်တွေ ပိုက်ဆံကောဘာမှမသိမရှိတော့တာတဲ့.....မန္တလေးကားဂိတ်သွားချင်တာတဲ့....အဲဒါဆိုအစ်မ လိုက်ပို့ပေးမယ်ဆိုတော့....အဲဒီကလေးလေးကလက်မခံ....."

"အဲဒီအချိန် နောက်ထပ်ကောင်လေးတစ်ယောက် အနားရောက်လာပီး သူလှည်းတန်းထဲက ကူညီပေးဖို့ နောက်ကလိုက်လာတာ....အဲဒီနူတ်ခမ်းတွေဖြူနေတဲ့ ကလေးက ဗိုက်ဆာနေတဲ့ ပုံမို့ အစားကျွေးတာလည်း လက်မခံဘူး ရေတိုက်တာလည်း လက်မခံဘူးတဲ့။ အဲဒါနဲ့ လှိုင်ရဲစခန်းဖုန်းလှမ်းဆက် ဒီလိုဒီလိုပါ အကူအညီပေးပါဆိုတော့.....မြန်မာဇာတ်လမ်းတွဲတွေထဲကအတိုင်း ကိုယ်တွေသာ အားလုံးဖြေရှင်းပြီးလို့ အိမ်ပြန်ရောက်လာတယ် သူတို့က ရောက်မလာသေးပဲ.....မလာနဲ့တော့လို့ ဖုန်းဆက်မှ...တခြားကိစ္စ၀င်နေရသေးလို့ပါတဲ။"

"အဲဒါနဲ့ ဇာတ်လမ်းဆက်ရမယ်ဆိုရင် လမ်းဘေးမှာ နားချနေရတာ 15 မိနစ် 20 မိနစ်လောက်ကြာတာပေါ့။ Market Place လာသူတွေကလည်း ကွက်ကြည့်ကွက်ကြည့်ပေါ့။ အဲဒါနဲ့ အဲဒီ ကလေးကလက်မခံဘူး။ ဗိုက်ကလေးနိုပ်ပီးလမ်းဆက်လျှောက်....ရဲကလည်းရောက်မလာ... လှည်းတန်းတည်းက လမ်းလျှောက်ပြီးလိုက်ကူညီနေတဲ့ကောင်လေးကို ငါ့မောင် မင်းက Market Place ရှေ့မှာ ရဲတွေကိုသွားစောင့်ခေါ် အစ်မက သူနောက်လမ်းလျှောက်ပြီး အသာလိုက်ကြည့်ပေးလိုက်မယ်ပေါ့။ အဲလိုနဲ့ အဲဒီကလေးက ဗိုက်ကလေးနိုပ်ပြီးလမ်းလျှောက်လိုက် လမ်းဘေးခဏထိုင်နားနေလိုက်နဲ့ လျှောက်လာတာ ကျောင်းကွေ့မှတ်တိုင်နားရောက်လာတော့.... Taxi တစ်စီးက အစ်မ Taxi လားဆိုတော့ အကျိုးအကြောင်းပြော အဲဒီ Taxi သမားလေးကလည်းကူညီချင်တော့ ဈေးလျှော့ပေးပီး သူပါ ၀င်ဖြောင်းဖျ..... အကျိုးအကြောင်းပြောပြတော့ အဲဒီကလေးကခေါင်းညိတ်မလိုလိုဖြစ်လိုက်.....ခေါင်းမညိတ်လိုက်ပေါ့....."

"အဲဒီအချိန်မှာ ကားတစီးက ထိုးရပ်လာပီး Hlwan Paing နဲ့ Bobby Soxer ဆင်းလာရော .....အစ်မဘာဖြစ်လို့လည်း အကူအညီလိုလို့လားတဲ့.....အဲဒါနဲ့ အကျိုးအကြောင်းထက်ရှင်းပြ....Bobby Soxerက ဟုတ်ကဲ့ညီမတို့မြင်တယ် Market Place ရှေ့မှာထဲက ကြည့်နေတာတဲ့.....အဲဒါနဲ့ ကလေးကိုဝိုင်းဖြောင်းဖျကျပေါ့.....ကလေးကြည့် ဒီအစ်ကိုနဲ့အစ်မကိုသိလား ဆိုတော့.....Bobby Soxer က အစ်မမသိလောက်ဘူးတဲ့.....ဒါပေမဲ့ သူတို့က Celebrity တွေ Public Figure တွေဆိုတော့ ကိုယ်တွေသာမာန်ထက်စာရင် ယုံကြည်မှု ပိုရနိုင်တဲ့ လူတွေဆိုတော့ ......ကလေးဒီအစ်ကိုတွေအစ်မတွေနဲ့လိုက်သွား မန္တလေးကားဂိတ်လိုက်ပို့လိမ့်မယ်ဆိုတော့....ကလေးကလည်းခေါင်းညိတ်ရော.....လွှမ်းပိုင်ကလည်း မန္တလေးကားဂိတ်ကျွန်တော်သိတယ်တဲ့။ အဲဒါနဲ့ ကားနောက်ခန်းထဲ ထည့် ကားလော့ချပီး အောင်မင်္ဂလာကားကွင်းကို အောင်မြင်စွာလိုက်ပို့လိုက်ကျလေသတည်းပေါ့။"

" အဲဒီမှာ အစအဆုံးစိတ်နှစ်ပီးကူညီပေးသူက ငါးယောက်....အစအဆုံး ကြာချိန်က တစ်နာရီနီးပါး တစ်နာရီကျော်ကျော်ပေါ့။ အခြားကူညီချင်လို့ကြည့်သွားတဲ့လူတွေလည်းရှိသေးတာပေါ့လေ။ ပထမဆုံးတယောက်က လှည်းတန်းထဲက လမ်းလျှောက်ပီး စိတ်ပူပီး သူသွားရမဲ့ လုပ်ရမဲ့အလုပ်တွေကိုမေ့ထားပီး လိုက်စောင့်ရှောက်ကူညီပေးနေတဲ့ ကောင်လေး အသက်ရှိလှ 20 ၀န်းကျင်ပေါ့။ ဆံပင်ရှည်လေးစီးလို့ ခေတ်လူငယ်ပဲ။ ဒုတိယက ကိုယ်ပေါ့။ တတိယ Taxi သမား.....လူငယ်ပဲ တခြား Taxi သမားဆို မဌားဘူးဆိုရှေ့ဆက်သွားမှာ ဆင်းပီးလိုက်မေးမြန်ပီး အချိန်ကုန်ခံမနေဘူး....အသက်ရှိလှ 25 , 26 ပေါ့။ စတုတ္ထ နဲ့ ပဉ္စမ က လွှမ်းပိုင်နဲ့ Bobby Soxer တို့အတွဲ.....နာမည်ကျော်ကြားသူတွေဆိုပီး တလွဲမာနမရှိဘူး။ လမ်းဘေးထိုင်ချပီး နားချလို့မရမခြင်း အတူ ကူညီဖို့ကြိုးစားသူ၊ လူသားချင်းစာနာစိတ်အပြည့်ရှိသူတွေ ပြောချင်တာ ခုမှရောက်လာမှာ"

"အမှန်တိုင်းပြောရရင် ကူညီတဲ့သူနဲ့ အကူအညီလိုတဲ့သူ တဦးအပေါ် တဦးယုံကြည်မှု၊ ကိုယ်ပတ်ဝန်းကျင်ကို ယုံကြည်တဲ့ ယုံကြည်မှု၊ အပေါ်မှာပြောခဲ့တဲ့ ခေတ်ကာလအခြေအနေ ကာလဒေသန်....ကူညီချင်စိတ်ရှိသော်လည်း ငါကူညီချင်တာကိုသူယုံကြည်ပါမလာ။ အကူအညီလိုအပ်သူကလည်း အကူအညီလိုအပ်လို့အကူအညီယူချင်ပေမဲ့ ခေတ်ကာလက လိမ်ညာလှည့်ဖျားမှုတွေကပေါတော့ ရေတိုက်ရင်တောင်ရေမသောက်ရဲ။ ခု ခေတ်မှာ သူများကို ကူညီချင်လည်း မလွယ်ပါဘူး။ သူကတကယ်အကူညီလိုချင်တာဟုတ်ရဲ့လားပေါ့။ သူများဘ၀ကို ကိုယ်အတ္တနဲ့ဝင်ဆုံးဖြတ်လို့ကလည်းမရဘူး။"

" Hero ဆိုတာ ဇာတ်လမ်းတွေထဲမှာပဲ ကောင်းတာ လက်တွေ့ဘ၀မှာ မကောင်းဘူး။ ကိုယ်အမြင်နဲ့ ကောင်းစေချင်လို့ လုပ်ဆောင်ပေးပေမယ့် သူလိုချင်တဲ့ရွေးချယ်မှု ဖြစ်မှအကူအညီက အသုံးဝင်တာ။ ဒါပေမဲ့ ခေတ်ကာလတွေ ဘယ်လိုပြောင်းပြောင်း နိုင်ငံအခြေအနေဘယ်လိုရှိရှိ ....ကိုယ် အသက်အရွယ်ရပီးနောက်ပိုင်းမှာ ပျောက်သွားတဲ့ ပတ်ဝန်းကျင်ကို ယုံကြည်တဲ့ ယုံကြည်မှု တပိုင်းတစ ဒီလူတွေနဲ့ တွေ့ကြုံလိုက်တဲ့ခဏမှာ ငယ်ဘ၀က အိမ်နီးချင်း မိသားစုအသိုင်းအ၀ိုင်း ပတ်ဝန်းကျင်က ရရှိတဲ့ စိတ်လုံခြုံမှုတပိုင်းတစ ပြန်ရရှိလိုက်သလိုပါပဲ။ အဲဒီလိုစိတ်ချလုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ ပတ်ဝန်းကျင်ပြန်လည်ဖြစ်တည်လာဖို့ဆိုတာ ကိုယ်ကစ ကြောက်ရွံမှုတွေကို ဘေးဖယ်၊ ကိုယ်အတ္တတွေကိုသုံးသပ်၊ ပေါ်ပေါက်လာတဲ့ စိတ်ဓာတ်အစစ်အမှန်ကို သတ္တိရှိရှိလုပ်ဆောင်နိုင်မှ လုံခြုံစိတ်ချသည့် ပတ်ဝန်းကျင်တခုအား တည်ဆောက်နိုင်မည်ဟူသော် အတွေးတခုဖြင့်......" ဆိုပြီး မျှဝေထားပါတယ်။

လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ နာမည်ကြီးအနုပညာရှင်ဖြစ်ပေမယ့် အားငယ်နေသူကို အားပေးကူညီဖို့ အဆင်သင့်ရှိတဲ့ လူငယ်လေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လွှမ်းပိုင်နဲ့ Bobby Soxer ရဲ့ စိတ်ထားကိုကြည့်ရင်း လေးစားနေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Yan Shin's fb
Photo: Amzing Grace

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။