အမျိုးသမီး (၂) ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အဖမ်းခံလိုက်ရတဲ့ မင်းသား Kang Ji Hwan

Posted on - Jul 10 []

Mia Zin

စာရေးသူ

ပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသားတစ်လက်ဖြစ်တဲ့ Kang Ji Hwan ဟာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုနဲ့ ဇူလိုင်လ ၉ ရက်နေ့ညက ဂွမ်ဂျူမြို့ရှိ သူ့ရဲ့နေအိမ်မှာ အဖမ်းခံလိုက်တယ်လို့ သိရပါတယ်။ ထွက်ရှိထားတဲ့သတင်းတွေအရတော့ Kang Ji Hwan ဟာ ကုမ္ပဏီရဲ့ညစာစားပွဲအပြီးမှာ သူ့ရဲ့အေဂျင်စီက လုပ်ဖော်ကိုင်ဖက် အမျိုးသမီး ၂ ယောက်ကို သူ့ရဲ့နေအိမ်မှာ အရက်သောက်ဖို့အတွက် ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ထိုအမျိုးသမီး ၂ ယောက် အိပ်ပျော်နေတဲ့အချိန်မှာ Kang Ji Hwan က သူမတို့တွေ အိပ်နေတဲ့အခန်းထဲဆီကို ၀င်ရောက်လာခဲ့ပြီး တစ်ယောက်ကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ကာ နောက်တစ်ယောက်ကိုတော့ မဖွယ်မရာပုံစံမျိုးနဲ့ နှောင့်ယှက်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားကြပါတယ်။

ဒီလိုဖြစ်ရပ်တွေမဖြစ်ခင် အချိန်တုန်းက အမျိုးသမီး ၂ယောက်ထဲက တစ်ယောက်ဟာ ဆိုးလ်မြို့မှာရှိတဲ့ သူမရဲ့ သူငယ်ချင်းတစ်ယောက်ဆီကို "ငါတို့ မင်းသား Kang Ji Hwan ရဲ့ အိမ်မှာ အရက်သောက်ဖို့ရောက်လာတာ အခု ငါတို့ ထောင်ချောက်မိနေပြီ" လို့ဆိုကာ စာတိုပို့ထားခဲ့ပြီး တိုင်ကြားပေးဖို့အတွက် သူငယ်ချင်းကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ရဲတွေရောက်လာချိန်မှာတော့ သူမဟာ သူမတို့ရောက်လာချိန်က ဖြစ်ခဲ့တာတွေကို ရဲတွေကိုပြောပြလိုက်ပြီး အဲဒီနောက်မှာတော့ Kang Ji Hwan က အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ ရဲစခန်းကိုရောက်ချိန်မှာတော့ Kang Ji Hwan က အရက်သောက်ပြီးနောက်မှာ မူးနေတာကြောင့် သူ့အနေနဲ့ ဘာမှကိုမမှတ်မိကြောင်းကို ထွက်ဆိုထားပါတယ်။

မြန်မာပရိသတ်တွေအနေနဲ့ Kang Ji Hwan ကို အမှတ်ရစေမယ့် ဇာတ်ကားကတော့ ၂၀၁၁ ခုနှစ်တုန်းက မင်းသမီး Yoon Eun Hye နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ "Lie to Me" ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။