ကျန်းမာရေးအခြေအနေကြောင့် TWICE ရဲ့ World Tour မှာ ပါဝင်နိုင်မှာ မဟုတ်တဲ့ Mina

Posted on - Jul 11 []

Mia Zin

စာရေးသူ

TWICE ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Mina ဟာဆိုရင် သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် အဖွဲ့ရဲ့ World Tour ဖြစ်တဲ့ “TWICELIGHTS” မှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ JYP Entertainment က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ Mina ဟာ လတ်တလောမှာ စိုးရိမ်သောကများမှုနဲ့ စတိတ်ပေါ်မှာ ဖျော်ဖြေဖို့အတွက်လည်း ယုံကြည်မှုမရှိတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြတ်သန်းနေရတာ ဖြစ်တယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

Mina ခံစားနေရတဲ့ ရောဂါဝေဒနာက ဘယ်လိုဝေဒနာမျိုးလဲဆိုတာကို သေချာမရှာဖွေရသေးပေမယ့် ကျွမ်းကျင်တဲ့ အထူးကုဆရာဝန်တွေနဲ့တော့ ပြသကာ ရောဂါရဲ့အရင်းအမြစ်ကို အဖြေရှာနေတယ်လို့ သိရပါတယ်။ Mina အနေနဲ့ လတ်တလောမှာ ကုသမှုတွေ၊ ကျွမ်းကျင်တဲ့သူတွေနဲ့ တွေ့ဆုံမှုတွေ၊ အပြည့်အ၀အနားယူနိုင်မှုတွေအတွက် လိုအပ်တဲ့အခြေအနေဖြစ်တာမို့လို့ World Tour မှာ မပါဝင်ဖို့အတွက်ကို Mina နဲ့ရော TWICE အဖွဲ့ဝင်တွေနဲ့ပါ သေချာဆွေးနွေးပြီးနောက် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း ထည့်သွင်းအသိပေးထားပါတယ်။

ဒါ့အပြင် အနုပညာရှင်တွေရဲ့ ကျန်းမာရေးအခြေအနေက ပထမဦးစားပေးနဲ့ အရေးကြီးဆုံးဖြစ်တာမို့လို့ ကုမ္ပဏီအနေနဲ့လည်း Mina ပြန်လည်ကျန်းမာရေးကောင်းမွန်လာဖို့အတွက် အကောင်းဆုံးကုသမှုတွေနဲ့ လုံလောက်တဲ့ အနားယူမှုတွေကို ပေးသွားမယ်လို့ JYP က ထုတ်ပြန်ပေးထားပါတယ်။

Mina ဟာ ပြီးခဲ့တဲ့အပတ်ကတည်းက သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် အဖွဲ့နဲ့အတူ Pocari Challenge Teen Festival မှာတောင် မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Mina တစ်ယောက် အမြန်ဆုံးပြန်လည် ကျန်းမာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။