ခင်ပွန်းသည်နဲ့ မဆုံတွေ့ခင်က သစ္စာမရှိတဲ့ရည်းစားဟောင်းကြောင့် အချစ်ကိုကြောက်ခဲ့ဖူးတဲ့ Goo Hye Sun

Posted on - Jul 11 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်စုံတွဲတွေထဲမှာ ပရိသတ်တွေရဲ့ အချစ်တွေအများကြီးကို ရရှိထားတဲ့စုံတွဲကတော့ မင်းသား Ahn Jae Hyun နဲ့ မင်းသမီး Goo Hye Sun တို့ ဇနီးမောင်နှံပါပဲ။ ဇာတ်ကားရိုက်ကူးရင်း တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ကြတဲ့ သူတို့ ၂ ဦးဟာ ချစ်ကြိုက်နေပြီလို့ ပရိသတ်တွေကို ၀န်ခံပြီးသိပ်မကြာခင်မှာပဲ လက်ထပ်ကြမယ့်အကြောင်းကို ကြေညာခဲ့ပြီး တရားဝင်လက်မှတ်ရေးထိုးကာ မင်္ဂလာကိုအကျဉ်းချုံးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် မေလမှာ တရားဝင်လက်ထပ်ခဲ့ကြတဲ့ သူတို့ ၂ ဦးရဲ့ မင်္ဂလာသက်တမ်းက အခုဆိုရင် ၃ နှစ်ကျော်နေပြီဖြစ်သော်လည်း ဇနီးမောင်နှံ ၂ ဦးဟာ တီဗွီအစီအစဉ်တွေမှာ အလျဉ်းသင့်ရင် သင့်သလို သူတို့ရဲ့ အိမ်ထောင်သည်ဘ၀အကြောင်းနဲ့ အချစ်အကြောင်းကို ဖွင့်ဟပြောပြလေ့ရှိပြီး တစ်ယောက်ကို တစ်ယောက်လည်း တန်ဖိုးထားမြတ်နိုးကြောင်းကို ထုတ်ပြလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းကလည်း Goo Hye Sun ဟာ သူမရဲ့ ၀တ္ထုစာအုပ်အသစ်ဖြစ်တဲ့ “Heart-Shaped Tears” နဲ့ ပတ်သတ်တဲ့အင်တာဗျုးတစ်ခုမှာ သူမဘ၀မှာ တွေ့ကြုံခဲ့ရတဲ့ အချစ်ရေးအကြောင်းကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ သူမရဲ့ အချစ်ဦးဖြစ်သူက သစ္စာမရှိတဲ့သူဖြစ်ပြီး နောက်ထပ်ကောင်မလေးတစ်ယောက်နဲ့ ဖောက်ပြန်တာကြောင့် သူမဟာ အဲဒီအချိန်ကတည်း အချစ်ဆိုတာကို ကြောက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

"ကျွန်မရဲ့ အချစ်ဦးက ကျွန်မကွယ်ရာမှာ နောက်ထပ်မိန်းကလေးတစ်ယောက်နဲ့ ဖောက်ပြန်တော့ အဲဒီမိန်းကလေးက ဘယ်သူလဲဆိုတာကိုတွေ့ရဖို့ လိုတယ်လို့ ခံစားမိခဲ့တယ်။ သူမကို မြင်လိုက်တဲ့အခါမှာတော့ သူမက လူကောင်းတစ်ယောက်ဆိုတာကို ခံစားမိပြီး ကျွန်မရဲ့ ကောင်လေးကို သူမနဲ့ပဲ ဆက်ပြီးတွဲဖို့ ပြောခဲ့တယ်"

"အချစ်ဦးရဲ့ သစ္စာဖောက်တာကို ခံလိုက်ရတော့ အချိန်တစ်ခုအထိတော့ ကျွန်မ နာကျင်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ အချစ်ဆိုတာကို မယုံကြည်ရဲတော့ဘူး။ လက်ထပ်ဖို့အထိ မစဉ်းစားပဲနဲ့ ဒိတ်မလုပ်ချင်တော့ဘူး။" လို့ ဆိုကာ သူမအနေနဲ့ အချစ်ဆိုတာကို ကြောက်ခဲ့ဖူးကြောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒါတွေအားလုံးက ခင်ပွန်းဖြစ်သူ Ahn Jae Hyun နဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာတော့ ပြောင်းလဲသွားခဲ့ပါတော့တယ်။ ၂ ယောက်သား ချစ်ကြိုက်ပြီး ဒိတ်လုပ်နေတဲ့အချိန်မှာ သူမတို့၂ ယောက်အကြားက ခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခုရှိတယ်လို့ ခံစားမိခဲ့ပြီး အချစ်နဲ့ပတ်သတ်တဲ့ သံသယတွေအားလုံးကိုလည်း မေ့ပစ်နိုင်ခဲ့ကာ ၂ ယောက်အတူ ဘ၀တစ်ခုကိုတည်ထောင်ဖို့အတွက် စိတ်အားထက်သန်ခဲ့ပါတယ်။

"ကျွန်မ သူ (Ahn Jae Hyun) နဲ့ လမ်းခွဲဖို့ကို စိတ်တောင်မကူးခဲ့ဖူးဘူး။ ဒါကြောင့်လည်း သူ့ကို လက်ထပ်ခဲ့တာပါ။ ကျွန်မ သေမှသာ ကျွန်မတို့ လမ်းခွဲဖြစ်ကြမယ်ထင်တယ်။ လမ်းခွဲတယ်ဆိုတာလည်း ကျွန်မအတွက်ကတော့ အရင်ကထက် ပိုပြီးကြောက်စရာကောင်းတဲ့ အတွေးကြီးဖြစ်လာတယ်"

ခင်ပွန်းသည်ကို အရမ်းချစ်တတ်တဲ့သူမဟာ ခင်ပွန်းဖြစ်သူရဲ့ ချစ်စရာကောင်းတဲ့အချက်လေးတွေကိုလည်း ပြောပြခဲ့ပါတယ်။ သူမတို့စုံတွဲဟာ တခြားစုံတွဲတွေလိုမျိုး ရန်ဖြစ်တာမျိုးလည်းရှိပေမယ့် ခင်ပွန်းဖြစ်သူရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေက နောက်ဆုံးမှာတော့ သူမကို အနိုင်ယူသွားတတ်ပါတယ်တဲ့။

"ကျွန်မရဲ့ အမျိုးသားက ကြင်နာတတ်တယ်။ ရိုးသားတယ်။ ကျွန်မက အရမ်းကြောက်စရာကောင်းတယ်လို့လည်း သူက ပြောတယ်ရှင့်။ ရန်ဖြစ်ကြတဲ့အခါတိုင်း အသံတွေကျယ်အော်ဟစ်ပြီးပြောရင် ကျွန်မက "ငါတို့ အသံမကျယ်ပဲ စကားပြောကြရအောင်" လို့ ပြောလိုက်တယ်။ အဲဒီအခါကျရင် သူက "မင်းက ကြောက်ဖို့ကောင်းလိုက်တာ" တဲ့။ သူ့ပုံစံက တကယ်ကို ချစ်ဖို့ကောင်းတာ"

"ပြီးတော့ သူက လိမ်တဲ့နေရာမှာလည်း အတော်ညံ့တာ။ သူ ကျွန်မကို တစ်ခုခုဖုံးကွယ်ဖို့ကြိုးစားတဲ့အတိုင်း တစ်နည်းနည်းနဲ့ ပေါ်တာပဲ။ သူက တကယ်ကို ကောင်းတဲ့သူပါ။ တစ်ခါတုန်းက ကျွန်မတို့ရန်ဖြစ်တော့ သူ့ကို အိပ်ယာရဲ့ ဟိုးဘက်မှာ အိပ်လို့ ကျွန်မကပြောလိုက်တာ တကယ်ပဲ သူက အစွန်းအဖျားလေးမှာ ရအောင်အိပ်ခဲ့ဖူးတယ်" လို့ဆိုကာ ခင်ပွန်းသည်နဲ့ပတ်သတ်တဲ့ အမှတ်တရလေးတွေကို ပြောပြခဲ့ပါတယ်။

သစ္စာမရှိတဲ့ ရည်းစားဟောင်းကြောင့် အချစ်ကိုကြောက်နေခဲ့တဲ့ Goo Hye Sun တို့ကတော့ ခင်ပွန်းသည် Ahn Jae Hyun ကြောင့် အချစ်သစ်တစ်ဖန်ပြန်မွေးဖွားခဲ့တော့တာပဲနော်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။