၉နှစ်အတွင်း တိုက်စစ်မှူးစုစုပေါင်း ၃၈ယောက် အထိခေါ်ယူခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့တဲ့ ဝက်စ်ဟမ်း

Posted on - Jul 11 []

Htoo Yan Ag

စာရေးသူ

ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ်ကနေ လက်ရှိအချိန်ထိ စုစုပေါင်းခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူးစာရင်းကို ပြန်လည်ကောက်ယူကြည့်လိုက်ရာမှာတော့ ၃၈ယောက်အထိ ရှိနေတာကို တွေ့ရပါတယ်။ အံ့အားသင့်စရာပါပဲ။ အချိုးချတွက်ချက်ကြည့်မယ်ဆိုရင် တစ်ရာသီကို တိုက်စစ်မှူး၎ဦးထက်မနည်း ခေါ်ယူခဲ့တယ်ဆိုတဲ့ သဘောပါ။

၉နှစ်တာကာလအတွင်း ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးတွေထဲမှာ နာမည်ကြီးထိပ်တန်းကစားသမားအများစု ပါဝင်ခဲ့ပါတယ်။ အန်ဒီကာရိုးလ် ၊ ဇရာတေး ၊ ဒန်ဘာဘား စတဲ့ နာမည်ကျော်တွေကို အသီးသီးခေါ်ယူခဲ့ပေမယ့် အသင်းအတွက် လုံလောက်တဲ့ သွင်းဂိုးအရေအတွက်ကို သွင်းယူပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အဆိုပါတိုက်စစ်မှူးတွေ ပါဝင်ကစားခဲ့ကြတဲ့ ပွဲစဉ်ပေါင်း ၉၅၇ပွဲမှာ တိုက်စစ်မှူး ၃၈ယောက်စလုံးရဲ့ စုစုပေါင်းသွင်းဂိုးဟာ ၂၀၃ဂိုးသာ ရှိခဲ့တာကြောင့် ၅ပွဲကစားမှ တစ်ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းအနေနဲ့ ယခုအပြောင်းအရွှေ့ကာလမှာ ဒီအချက်ကို အဓိကဂရုပြု ပြင်ဆင်သွားရမှာဖြစ်ပြီး အသင်းရဲ့ တိုက်စစ်မှူးခေါ်ယူမှု နည်းစနစ်ကို အနည်းငယ် ပြန်လည်သုံးသပ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

မမျှော်လင့်ပဲ ယခုအပြောင်းအရွှေ့မှာလည်း ဝက်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူးရှားပါးမှု ပြဿနာနဲ့ ကြုံတွေ့နေရပြန်ပါပြီ။ အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ လူးကပ်စ်ပီရက်စ်နဲ့ အန်ဒီကာရိုးလ်တို့ အသီးသီးထွက်ခွာသွားချိန်မှာ အဓိကအားထားရတဲ့ တိုက်စစ်ကစားသမား အနော်တိုဗစ်ကလည်း တရုတ်ကလပ်ကို မကြာသေးခင်ကပဲ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဒါ့ကြောင့် လက်ရှိဝက်စ်ဟမ်းအသင်းမှာ တိုက်စစ်မှူးစစ်စစ်ဆိုလို့ ဟာနန်ဒက်စ် နဲ့ ဂျော်ဒန်ဟူဂီလ်တို့ နှစ်ဦးသာ ကျန်ရှိတော့တာကြောင့် နောက်ထပ် တိုက်စစ်မှူးသစ် မဖြစ်မနေခေါ်ယူဖို့ လုပ်ဆောင်သွားရမှာပါ။ ဝက်စ်ဟမ်းအသင်းအနေနဲ့ ရှေ့ရာသီတွေက ဖြစ်ခဲ့သလိုမျိုး အလုပ်မဖြစ်တဲ့ တိုက်စစ်ကစားသမား ခေါ်ယူမှုတွေကို ထပ်မံမြင်တွေ့ရမလားဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါပြီ။

REF : sport bible
HYA (momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။