ချဲလ်ဆီးကို မမေ့နိုင်သေးကြောင်း ဟာဇက်သက်သေပြထားတဲ့ဖုန်းကာဗာ

Posted on - Jul 12 []

Gunner Ksr

စာရေးသူ

ဘယ်ဂျီယံလက်ရွေးစင်တိုက်စစ်ကစားသမားဟာဇက်ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးကနေ ရီးရဲမက်ဒရစ်အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ တကယ်တော့ ချဲလ်ဆီးဟာ ဟာဇက်ရဲ့ ဒုတိယအိမ်လို့ပြောရပါမယ်။ စတမ်းဖို့ဘရစ်ခ်ျရင်ခွင့်ဟာ ဟာဇက်အတွက် လုံခြုံမှုအပေးနိုင်ဆုံး၊ နွေးထွေးမှုအပေးနိုင်ဆုံးနေရာတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် တစ်ဖက်မှာလည်း ဟာဇက်ရဲ့စိတ်ထဲ အိပ်မက်တစ် ခုက ရှိနေပြန်တယ်။

ရီးရဲမက်ဒရစ်မှာ ကစားဖို့ဆိုတာ ငယ်စဉ်ကတည်းက မက်ခဲ့ရတဲ့အိပ်မက်တစ်ခုဖြစ်ကြောင်း ဟာဇက်က ဆိုခဲ့ပါတယ်။ အိပ်မက်နဲ့ သံယောဇဉ်ထိပ်တိုက်တွေ့တဲ့ပြိုင်ပွဲမှာ ဟာဇက်ဟာ အိပ်မက်ဘက်ကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်ပါတယ်။

ဒါပေမယ့် နှစ်ပေါင်းများစွာ ခိုလှုံလာတဲ့ စတမ်းဖို့ဘရစ်ခ်ျကိုတော့ ဟာဇက်တစ်ယောက် ဘယ်လိုလုပ် မေ့လို့ရနိုင်ပါ့မလဲ။ အခုအခါမှာတော့ ဟာဇက်ဟာ သူ့အနေနဲ့ ချဲလ်ဆီးကိုလုံးဝမမေ့တဲ့အကြောင်းကို သက်သေပြလိုက်ပါပြီ။

ရီးရဲမက်ဒရစ်လေဆိပ်ကိုသွားရာမှာတော့ သတင်းထောက်တွေက ဟာဇက်ရဲ့ဖုန်းကိုင်ထားတာကို ထိထိမိမိရိုက်ကူးထားတာဖြစ်ပါတယ်။ ဟာဇက်ဟာ သူ့ရဲ့ဖုန်းကာဗာအဖြစ် ချဲလ်ဆီးဂျာစီဝတ်ဆင်ထားတဲ့ကလေးငယ် လေးတွေပုံကို တပ်ဆင်ထားတာပါ။

အဲဒီကာဗာဟာ ချဲလ်ဆီးမှာ ရှိစဉ်ကတည်းက ဟာဇက်တစ်ယောက် အသုံးပြုခဲ့တဲ့ကာဗာဖြစ်ပြီး ရီးရဲကိုပြောင်းရွှေ့သွားခဲ့ပေမယ့်လည်း ဟာဇက်ဟာ ချဲလ်ဆီးကို သံယောဇဉ် မကုန်ဆုံးသေးတဲ့အတွက် အခုလိုတပ်ဆင်ထားတာဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဟာဇက်တစ်ယောက် စတမ်းဖို့ဘရစ်ခ်ျနေ့စွဲတွေကို ရင်နာနာနဲ့ လွမ်းနေဆဲပါပဲ။

Ref: Sportbible
Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။