ကိုယ်ရေးကိုယ်တာထက် အလုပ်ကိုဦးစားပေးပြီး ပရော်ဖက်ရှင်နယ်ဆန်လွန်းတဲ့ Song Hye Kyo

Posted on - Jul 12 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Song Hye Kyo ဟာဆိုရင် ခင်ပွန်းဖြစ်သူ Song Joong Ki နဲ့ တရားဝင်ကွာရှင်းပြတ်စဲဖို့အတွက် အချိန်ကာလတစ်ခုကို စောင့်ဆိုင်းဖြတ်ကျော်နေရတယ်ဆိုတာကို ပရိသတ်တွေ သိကြပြီးဖြစ်ပါတယ်။ ခက်ခဲတဲ့ကာလတစ်ခုကို ဖြတ်ကျော်နေရတာကြောင့် Song Hye Kyo အနေနဲ့ ဒီလိုအချိန်မျိုးမှာ အနုပညာလှုပ်ရှားမှုတွေ၊ ပရိသတ်တွေအရှေ့ထွက်ပေါ်တာကို ရပ်နားထားမယ်လို့ အများကထင်ထားခဲ့ကြပေမယ့်လည်း တကယ်တမ်းမှာတော့ မဟုတ်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့တုန်းကဆိုရင် Song Hye Kyo ဟာ ကွာရှင်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ထွက်ပေါ်လာမှုအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အလှကုန်အမှတ်တံဆိပ်တစ်ခုရဲ့ ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီလိုမျိုး တက်ရောက်ခဲ့မှုဟာ ကွာရှင်းတဲ့သတင်းထွက်ပြီး တစ်ပတ်အကြာမှာတင် လူအများရှေ့ကိုထွက်ပေါ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားအာရုံစိုက်မှုကို အပြည့်ရခဲ့ပါတယ်။

အဲဒီပွဲတက်ရောက်ပြီးနောက်ပိုင်းမှာတော့ သူမဟာ လူအများရှေ့ထွက်ရှိတာနဲ့ပတ်သတ်ပြီး ရပ်နားထားဦးမယ်လို့ ထင်ခဲ့ကြပေမယ့်လည်း ဒီလိုထင်ကြေးဟာ နောက်ထပ်တစ်ဖန်မှားခဲ့ပြန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ ဖက်ရှင်မဂ္ဂဇင်းတွေဖြစ်ကြတဲ့ Elle Hong Kong နဲ့ Harper’s Bazaar Hong Kong တို့ကနေပြီးတော့ မိုနာကိုမှာကျင်းပခဲ့တဲ့ လက်ဝတ်ရတနာအခမ်းအနားပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ Song Hye Kyo ရဲ့ ပုံတွေကို တင်ပေးလိုက်တာကို တွေ့ရပါတယ်။

Song Hye Kyo ဟာ မိုနာကိုမှာပြုလုပ်ခဲ့တဲ့ ထိုပွဲကို အာရှတိုက်ရဲ့ သံတမန်အဖြစ်နဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုအချိန်ဟာ Song Hye Kyo အတွက်ဆိုရင် အတော်လေးကို စိတ်ပင်ပန်းနေတဲ့ အချိန်ကာလတစ်ခုဖြစ်သော်ငြားလည်း သူမကတော့ ကိုယ်ရေးကိုယ်တာခံစားမှုတွေကို ဘေးဖယ်ကာ အလုပ်ကိုအလုပ်နဲ့တူအောင် လုပ်တတ်ပြီး ပရော်ဖက်ရှင်နယ်ဆန်လွန်းသူ ဖြစ်တယ်ဆိုတာကို ပရိသတ်တွေအနေနဲ့ အထင်းသားတွေ့မြင်နိုင်ပါတယ်။

Song Joong Ki နဲ့ Song Hye Kyo တို့ဟာ လက်ရှိမှာတော့ ကွာရှင်းခွင့်ကို တရားရုံးမှာ လျှောက်ထားဆဲအဆင့်ဖြစ်ပြီး သြဂုတ်လကျရင်တော့ အပြီးသတ်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref : Soompi
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။