ရိုးရာဝတ်စုံကို ဆက်စီကျကျဝတ်ဆင်ပြီး ယှဉ်ပြိုင်အလှပြခဲ့တာကြောင့် ဝေဖန်သံတွေညံခဲ့တဲ့ အလှမယ်ရွေးပွဲ

Posted on - Jul 12 []

Mia Zin

စာရေးသူ

လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံတိုင်းမှာ ယဉ်ကျေးမှုတွေ၊ ထုံးတမ်းစဉ်လာတွေရှိကြသလို ရိုးရာဝတ်စုံတွေဆိုတာလည်း အမြတ်တနိုးတန်ဖိုးထားဝတ်ဆင်ကြပါတယ်။ အထူးသဖြင့် အာရှနိုင်ငံတွေမှာဆိုရင် သူတို့တွေရဲ့ ရိုးရာဝတ်စုံတွေကို ပိုလို့တောင် အမြတ်တနိုးထားကြတာကို တွေ့ရပါတယ်။ အဲဒီလို အာရှနိုင်ငံတွေထဲမှာ တောင်ကိုရီးယားနိုင်ငံလည်း ပါဝင်ပြီး ကိုရီးယားလူမျိုးတွေဟာ သူတို့တွေရဲ့ ရိုးရာဝတ်စုံကို တကယ့်ကို နေ့ထူးနေ့မြတ်တွေမှာ ၀တ်ဆင်ပြီးတန်ဖိုးထားကြပါတယ်။

ဒါပေမယ့် Miss Korea 2019 ဆိုတဲ့ အလှမယ်ရွေးပွဲကတော့ ကိုရီးယားရိုးရာဝတ်စုံရဲ့ အလှနဲ့ ကျက်သရေရှိမှုကို ဖျက်ဆီးလိုက်တယ်ဆိုပြီး လတ်တလောမှာ အပြစ်တင်ဝေဖန်မှုတွေကို ဆက်တိုက်ရရှိနေတာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြိုင်ပွဲဝင်တွေဟာ ရေကူးဝတ်စုံဝတ်ဆင်ပြီး ကိုယ်ခန္ဓာအလှပြရတဲ့ ပြိုင်ပွဲမှာ ရေကူးဝတ်စုံအစား ကိုရီးယားရိုးရာဝတ်စုံကို ဖန်တီးဆန်းသစ်ပြီး ဆက်စီကျတဲ့ပုံစံမျိုးနဲ့ ၀တ်ဆင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

Hanbok လို့ ခေါ်တဲ့ ရိုးရာဝတ်စုံဟာ ကိုရီးယားလူမျိုးတွေရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး တကယ့်ကို ပွဲအခမ်းအနားကြီးတွေ၊ နေ့ထူးနေ့မြတ်ကြီးတွေမှာသာ တန်ဖိုးထားဝတ်ဆင်ကြတဲ့ ၀တ်စုံဖြစ်တာမို့လို့ အခုလိုမျိုး အသွင်ပြောင်းလဲပြီး ၀တ်ဆင်ယှဉ်ပြိုင်လိုက်တဲ့အခါမှာတော့ ကိုရီးယားလူမျိုးတွေအကြားမှာ ပြောစရာ၊ ဝေဖန်စရာ ဖြစ်သွားပါတော့တယ်။

ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Final ပွဲမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲဝင် (၆) ယောက်က Hanbok ကို ဆက်စီကျကျဝတ်ဆင်ခဲ့ပေမယ့်လည်း ကိုရီးယားလူမျိုးတွေကတော့ အလှမယ်တွေ ၀တ်ဆင်ထားတဲ့ပုံစံက အတွင်းခံအကြပ်ဝတ်ထားတဲ့ပုံစံမျိုးနဲ့ တူနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ဒါ့အပြင် ခြေတံအလှကို ဖော်ပြချင်တာကြောင့် ခြေမျက်စိဖုံးတဲ့အထိ ရှည်လျားတဲ့ ၀တ်စုံကို ဒီဇိုင်းထွင်ညှပ်ပြီးချုပ်ထားတာကြောင့် ကြည့်ရတာက အဆင်မပြေဘူးလို့လည်း ဆိုထားကြပါတယ်။ ပွဲရဲ့တင်ဆက်သူကတော့ ဒီဝတ်စုံတွေက "အရှေ့တိုင်းအလှနဲ့ အနောက်တိုင်းအလှကို ပေါင်းစပ်ထားမှု" ဖြစ်တယ်လို့ ရှင်းပြခဲ့ပေမယ့်လည်း ပရိသတ်တွေကတော့ ဒီသတ်မှတ်ချက်ကို သဘောမတွေ့ခဲ့ကြပါဘူး။ ဘယ်လိုအတွေးမျိုးနဲ့ပဲ ဆန်းသစ်ထားပါစေ၊ ဒါဟာ ကျက်သရေရှိပြီး လှပတဲ့ Hanbok ကို ဖျက်ဆီးထားရာရောက်တယ်လို့ ဆိုကာ ဝေဖန်သံတွေ ညံနေကြပါတယ်။

ထိုပွဲမှာ အနိုင်ရရှိသွားတဲ့သူကတော့ အမေရိကန်ုပြည်ထောင်စု ကယ်လ်လီဖိုးနီးယားပြည်နယ်ရှိ ArtCenter College of Design မှာ graphic design ကျောင်းသူအဖြစ်နဲ့ တက်ရောက်လျှက်ရှိတဲ့ Kim Se Yeon ဖြစ်ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။