"ဂူဂူး" လို့ ပရိသတ်တွေအသိများကြတဲ့ မင်းသမီး Liu Yifei ရဲ့ ဘ၀အကြောင်းတစေ့တစောင်း

Posted on - Aug 9 []

Mia Zin

စာရေးသူ

နာမည်ကြီးတရုတ်မင်းသမီးတစ်လက်ဖြစ်တဲ့ Liu Yifei ကို မြန်မာပရိသတ်တွေ အတော်များများက သိန်းငှက်သူရဲကောင်းဇာတ်လမ်းတွဲထဲက ဂူဂူးဆိုတဲ့ ဇာတ်ကောင်နဲ့ ပိုပြီးအသိများကြပါတယ်။ သူမကို ၁၉၈၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် သူမရဲ့ အသက်ဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ၃၂ နှစ်ပြည့်မြောက်တော့မှာဖြစ်ပါတယ်။

အသက် ၃၀ ကျော်သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုသော်ငြားလည်း သုံးဆယ်ကျော်လို့မထင်မှတ်ရလောက်အောင် နုနယ်ငယ်ရွယ်လွန်းတဲ့သူမကို ပရိသတ်တွေနဲ့ မီဒီယာတွေက "နတ်သမီးပုံပြင်ထဲက နတ်သမီးလေး" ဆိုတဲ့ နာမည်လေးပေးထားကြပြီး တကယ်လည်းအဲဒီနာမည်နဲ့ လိုက်ဖက်နေတာကို ပရိသတ်တွေ မြင်ရမှာပါ။

အသက် ၁၀ နှစ်အရွယ်အထိ မိဘ ၂ ပါးနဲ့အတူနေထိုင်ခွင့်ရခဲ့တဲ့ သူမဟာ အဲဒီနောက်မှာတော့ မိဘတွေက ကွာရှင်းပြတ်စဲသွားခဲ့ကြတာကြောင့် မိခင်ဖြစ်သူရဲ့ ပြုစုထိန်းကျောင်းမှုတွေနဲ့ပဲ ကြီးပြင်းအရွယ်ရောက်ခဲ့တာဖြစ်ပါတယ်။ အနုပညာလောကထဲကိုတော့ အသက် ၂၂ အရွယ်ရောက်တော့မှ စတင်ဝင်ရောက်ခဲ့တာဖြစ်ပေမယ့်လည်း အဲဒီအချိန်ကတည်းက ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းမှုတွေအများကြီး ရရှိခဲ့ပါတယ်။

သူမစတင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ The Story of a Noble Family ဆိုတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး ထိုဇာတ်လမ်းတွဲဟာ ကြည့်ရှုနှုန်းအမြင့်ဆုံးသော ဇာတ်လမ်းတွဲတစ်တွဲဖြစ်ခဲ့ပါတယ်။ အဲဒီတစ်နှစ်တည်းမှာပဲ သူမဟာ Demi-Gods and Semi-Devils ဆိုတဲ့ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြီး မြန်မာပရိသတ်တွေကတော့ ဒီဇာတ်လမ်းတွဲကို "တိမ်လွှာနဂါးသူရဲကောင်းများ" ဆိုတဲ့ နာမည်နဲ့ သိကြမှာပါ။

သူမကို ပေးထားတဲ့ "နတ်သမီးပုံပြင်ထဲက နတ်သမီးလေး" ဆိုတဲ့နာမည်ဟာလည်း အဲဒီဇာတ်လမ်းတွဲထဲမှာ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်ကြောင့်ပဲ ဖြစ်ပါတယ်။ ကြည့်ရှုနှုန်းမြင့်မားတဲ့ ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တာကြောင့် သူမရဲ့ တာထွက်ဟာ ကောင်းခဲ့တယ်လို့ ဆိုလို့ရပါတယ်။ သူမဟာ သရုပ်ဆောင်၊ မော်ဒယ်တစ်ယောက်ဖြစ်ယုံတင်မကပဲ သီချင်းဆိုကောင်းတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ကာ တေးအယ်လ်ဘမ်တွေကိုလည်း ထုတ်လုပ်ခဲ့သူတစ်ယောက်ပါ။

ဒီလိုမျိုးဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကိုရခဲ့ပြီးနောက် ပိုပြီးအောင်မြင်လူသိများခဲ့တဲ့ဇာတ်ကားကတော့ ၂၀၀၅ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့အကြိုက်ဖြစ်ခဲ့တဲ့ The Legend of Sword and Fairy (သိုင်းမင်းသားနဲ့ နတ်မိမယ်) ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၀၆ ခုနှစ်မှာတော့ သူမဟာ The Return of the Condor Heroes (သိန်းငှက်သူရဲကောင်း) ဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့ပြီး ဒီဇာတ်လမ်းတွဲကတော့ သူမရဲ့ အောင်မြင်မှုတွေကို ခိုင်မာစေခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။

ဒီလိုမျိုး ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုတွေရရှိခဲ့ပြီးနောက်မှာတော့ သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပဲ အသားပေးရိုက်ကူးခဲ့တာ ဒီနေ့အချိန်ထိပဲဖြစ်ပါတယ်။ လတ်တလောမှာ ပရိသတ်တွေစိတ်ဝင်စားနေတဲ့ Mulan ရုပ်ရှင်ကားကြီးကိုတော့ ၂၀၁၇ ခုနှစ်ကတည်းက ရိုက်ကူးထားခဲ့ပြီး ဒီရုပ်ရှင်ကားဟာဆိုရင် ၂၀၂၀ ခုနှစ်ရောက်မှပြသမှာဖြစ်တယ်လို့ သိရပါတယ်။

အချစ်ရေးအနေနဲ့ကတော့ ၂၀၁၃ ခုနှစ်ရိုက်ကူးခဲ့တဲ့ The Third Way of Love ဆိုတဲ့ ရုပ်ရှင်ကားမှာ အတူသရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးကိုရီးယားမင်းသား Song Seung-heon နဲ့ ၂၀၁၅ ခုနှစ်မှာ စတင်ချစ်ကြိုက်ခဲ့ပြီး ချစ်သူသက်တမ်း ၃ နှစ်နီးပါးအကြာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှာတော့ လမ်းခွဲလိုက်ကြပြီဖြစ်တဲ့အကြောင်းကို Song Seung-heon ရဲ့ အေဂျင်စီကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပရိသတ်တွေအနေနဲ့ သူမရဲ့ အကြောင်းတွေအတော်များများကို သိထားပြီဆိုပေမယ့်လည်း သူမနဲ့ ပတ်သတ်တဲ့နောက်ထပ်တစ်ချက်ကိုတော့ သိပ်ပြီးတော့မသိထားကြပါဘူး။ အဲဒါကတော့ သူမရဲ့ godfather (ခေါင်းကိုင်အဖေ) ဟာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကာ အဲဒီသူကတော့ ကမ္ဘာကျော် Forbes မဂ္ဂဇင်းကနေ သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ထဲမှာပါဝင်တဲ့ Chen Jinfei ဖြစ်ပါတယ်။ Chen Jinfei ဟာ Beijing Tongchan Investment Group ရဲ့ ဥက္ကဌဖြစ်ပြီး တစ်လ၀င်ငွေ ခန့်မှန်းချေ ကန်ဒေါ်လာ ၆၂ သန်းရှိတယ်လို့ သိရပါတယ်။

Ref : Wiki, Mashable
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။