ကွာရှင်းမယ့်ကိစ္စနဲ့ပတ်သတ်ပြီး Ahn Jae Hyun နဲ့ အချေအတင်ပြောထားတာတွေကို ထုတ်ပြလိုက်တဲ့ Ku Hye Sun

Posted on - Aug 18 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Ku Hye Sun ဟာ ခင်ပွန်းဖြစ်သူ Ahn Jae Hyun ဘက်က သူမကို ကွာရှင်းချင်နေတယ်ဆိုတဲ့အကြောင်းကို သူမရဲ့ အင်စတာဂရမ်အကောင့်ကနေ ကြေညာအသိပေးပြီးနောက်မှာတော့ သူမတို့ဇနီးမောင်နှံ ကွာရှင်းမယ့်ကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေးထားတဲ့ စာတိုတွေကိုပါ သူမရဲ့ အင်စတာဂရမ်အကောင့်ကနေ ထုတ်ပြလိုက်ပါတယ်။

ထိုစာတွေကို ဖတ်ရသလောက်ဆိုရင်တော့ သူတို့စုံတွဲဟာ ကွာရှင်းဖို့အတွက်ကို သဘောတူညီပြီးနေပြီဆိုတာကို မြင်တွေ့ရပါတယ်။ ပြောထားတဲ့စကားအသုံးအနှုန်းတွေကို ကြည့်ရင်တော့ Ahn Jae Hyun ပြောထားတဲ့ပုံစံက တလေးတစားနဲ့ (သူစိမ်းတွေ၊ ရင်းနှီးမှုသိပ်မရှိသေးတဲ့သူတွေအကြားမှာ) ပြောတာမျိုးဖြစ်ပြီး Ku Hye Sun ကတော့ ရင်းရင်းနှီးနှီးနဲ့ ပေါ့ပါးတဲ့အသုံးအနှုန်းနဲ့ ပြောထားတာကို တွေ့ရပါတယ်။

A: နောက်တစ်ပတ်မှာ ကွာရှင်းမယ့်အကြောင်း ထုတ်ပြန်တော့မယ်ဆိုတာနဲ့ ခင်ဗျား ကျွန်တော့်ကို ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက ပေးထားတဲ့ ကြေညာချက်အကြောင်းတွေကို “New Journey to the West” ရဲ့ ၀န်ထမ်းတွေကို တစ်နေ့ကတည်းက ပြောထားပြီးပြီ။ အခုလက်ရှိမှာတော့ သူတို့တွေနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေးနေတယ်။

K : နောက်တစ်ပတ်တော့ မလုပ်နဲ့။ ငါ့အမေရဲ့ အခြေအနေရှိသေးတယ်။

K : ငါ့အတွက်ကတော့ “New Journey to the West” က ငါ့အမေလောက်အရေးမကြီးဘူး။

A : ကျွန်တော်တို့က သဘောတူထားပြီုးပြီပဲ။ ပြီးတော့ နောက်ဆုံးကျန်တော့တာကလည်း စာရွက်စာတမ်းကိစ္စပဲရှိတော့တာကို။ တွေ့ရင်လည်း အဲဒီတွေ့ဆုံမှုက အရေးမပါတဲ့တွေ့ဆုံမှုဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ စီစဉ်ထားတဲ့အတိုင်းပဲ ဆက်လုပ်ကြရအောင်ပါ။ ပြီးတော့ ခင်ဗျားရဲ့အမေကိုလည်း ကျွန်တော်လာတွေ့မှာပါ။

A : ကျွန်တော် သူနဲ့ ဖုန်းပြောထားပြီးပြီ။

K : ငါကြားတာတော့ နင် ငါ့အမေနဲ့ တွေ့ဖို့စီစဉ်ထားတယ်တဲ့။ တွေ့မယ်ဆိုရင် ငါ့ကို ဆက်သွယ်ပါ။

K : ငါတို့လက်ထပ်တုန်းက နင် သူ့ကို ဖျောင်းဖျခဲ့သလိုမျိုးပဲ ကွာရှင်းမယ့်အချိန်မှာလည်း နင် တာဝန်ယူပြီးဖျောင်းဖျပေးပါ။ စာရွက်စာတမ်းလုပ်ရတာက ခက်ခဲတဲ့ကိစ္စမှ မဟုတ်တာ။

A : ဒီကိစ္စက လွယ်လွယ်နဲ့ ဖြေရှင်းပြလို့ရမယ့် ကိစ္စလို့ ကျွန်တော်မထင်ဘူး။ သူ့အတွက် စိတ်ထိခိုက်စရာဖြစ်မယ်ဆိုတာကို ကျွန်တော်ထင်ပါတယ်။ ပြီးတော့ ကျွန်တော်လည်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ စီစဉ်ထားတဲ့အတိုင်းပဲ ဆက်လုပ်ရအောင်ပါ။ ခင်ဗျားရဲ့အမေကိုတော့ ကျွန်တော် တစ်ချိန်ချိန်မှာ လာတွေ့မှာပါ။

K : နင့် အလုပ်က ငါ့အမေထက်အရေးကြီးတယ်တဲ့လား။

K : ရွံစရာကောင်းလိုက်တဲ့ စကားပဲ။

A : ခင်ဗျားရဲ့ အမေကို ကျွန်တော်ဖုန်းနဲ့ပဲ ပြောလိုက်မယ်လေ။

A : သူနဲ့ လူချင်းတွေ့ရင် ဘာပြောရမလဲဆိုတာ ကျွန်တော်မသိဘူး။

K : ဒါပေမယ့် နင်တာဝန်ယူသင့်တယ်လေ။ နင် ဒီလိုပဲ ပြောရခက်နေမယ်ဆိုရင် ငါ ဒီအတိုင်းလက်ပိုက်ကြည့်နေတော့မှာ မဟုတ်ဘူး။

K : ငါတို့လက်ထပ်တုန်းက နင်ပေးခဲ့တဲ့ကတိ နင်မတည်နိုင်တဲ့အကြောင်းကို နင်ကိုယ်တိုင် ငါ့အမေနဲ့တွေ့ပြီး တောင်းပန်ပေးပါ။

K : အလုပ်က ဘာအရေးကြီးလို့လဲ။ တကယ်လို့ အလုပ်က ပိုအရေးကြီးတယ်လို့ နင်ပြောမယ်ဆိုရင်တော့ ငါ တကယ်ပဲ သည်းခံနေမှာ မဟုတ်တော့ဘူး။

Ku Hye Sun ဟာ သူမတို့ ဒီလိုမျိုးအချေအတင်ပြောထားတဲ့ စကားတွေထုတ်ပြရတဲ့အကြောင်းကတော့ သူမရဲ့ မိခင်ဖြစ်သူဟာ သူမတို့ကွာရှင်းမယ့်ကိစ္စနဲ့ ရှော့ခ်ရသွားပြီး အခုဆိုရင် ကျန်းမာရေးမကောင်းတာကြောင့်ဖြစ်တယ်လို့ ထိုစာတွေနဲ့အတူ ပြောပြထားပါတယ်။ သူမတို့ဇနီးမောင်နှံရဲ့ အေဂျင်စီဖြစ်တဲ့ HB Entertainment ကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး အတိအလင်းကြေညာချက်ကို မထုတ်ပြန်ထားသေးပါဘူး။

Boys Over Flower (F4 ချစ်သူ) ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကို အပြည့်အ၀ရရှိခဲ့တဲ့ Ku Hye Sun ဟာ ခင်ပွန်းဖြစ်သူ Ahn Jae Hyun နဲ့ Blood ဇာတ်လမ်းတွဲရိုက်ကူးရင်းတွေ့ဆုံခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ် မေလမှာ တရားဝင်လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမတို့ ၂ ယောက်ဟာ အချိန်တိုအတွင်းမှာတင် တွေ့ဆုံချစ်ကြိုက်ပြီး လက်ထပ်လိုက်တာကြောင့် အခုလိုမျိုး အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ကြတာလားလို့ မေးခွန်းထုတ်နေကြကာ သူမတို့ ၂ ယောက်ရဲ့ ကွာရှင်းမယ့်သတင်းနဲ့ ပတ်သတ်ပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။

Ref : Soompi
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။