IU ကို အောင်မြင်တဲ့ သရုပ်ဆောင်မင်းသမီးအဖြစ် ရောက်ရှိစေခဲ့တဲ့ ဇာတ်ကား (၅) ကား

Posted on - Nov 7 []

Mia Zin

စာရေးသူ

တစ်ကိုယ်တော်အဆိုတော်အနေနဲ့ အောင်မြင်စွာရပ်တည်နေပြီး သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးစပ်လေ့ရှိတဲ့ အဆိုတော်မလေး IU ဟာ အခုဆိုရင် အောင်မြင်တဲ့ သရုပ်ဆောင်မင်းသမီးအဖြစ်နဲ့လည်း နေရာတစ်နေရာကို အခိုင်အမာရရှိထားတဲ့သူ ဖြစ်ပါတယ်။ သရုပ်ဆောင်လောကထဲကို ၂၀၁၁ ခုနှစ်ကနေစတင်ပြီး ခြေချခဲ့တဲ့သူမဟာ အဲဒီအချိန်တုန်းကတော့ သရုပ်ဆောင်တာနဲ့ ပတ်သတ်ပြီး အနည်းငယ်လိုအပ်ချက်တွေရှိနေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ သရုပ်ဆောင်ချက်တွေ ပြောင်မြောက်လို့လာခဲ့ပြီး ခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားတွေမှာ ပါဝင်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ အဆိုတော် IU ဆိုတဲ့ နာမည်ထက်စာရင် မင်းသမီး Lee Ji Eun ဆိုတဲ့ နာမည်နဲ့ သရုပ်ဆောင်လောကထဲမှာ ရပ်တည်လှုပ်ရှားနေတဲ့ သူမကို အောင်မြင်တဲ့ သရုပ်ဆောင်မင်းသမီးအဖြစ်ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့တဲ့ ဇာတ်ကား (၅) ကားကတော့....

1. KBS 'Dream High 1' (2011)

IU အနေနဲ့ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ ဇာတ်ကားကတော့ ၂၀၁၁ ခုနှစ်မှာ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ 'Dream High 1' ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ သူမဟာ ခပ်၀၀ကိုယ်ခန္ဓာကြောင့် ရှက်တတ်ပေမယ့်လည်း ကောင်းမွန်လှတဲ့အသံကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

2. KBS 'The Producers' (2015)

၂၀၁၅ ခုနှစ်မှာ KBS ရုပ်သံဌာနကနေ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ 'The Producers' ဇာတ်လမ်းတွဲမှာတော့ သူမဟာ အသက် ၁၃ နှစ်အရွယ်ကတည်းက ပွဲထွက်ခဲ့ပြီး အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေအများအပြားကို ရရှိထားတဲ့ အဆိုတော်မလေး Cindy နေရာကနေပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

3. SBS 'Moon Lovers: Scarlet Heart Ryeo' (2016)

SBS ရုပ်သံဌာနကနေ ၂၀၁၆ ခုနှစ်မှာ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲကတော့ သူမကို အောင်မြင်တဲ့သရုပ်ဆောင်မင်းသမီးတစ်လက်အဖြစ်ကို ရောက်ရှိအောင်ပို့ပေးခဲ့တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ အောင်မြင်မှုနှုန်းကတော့ အထွေအထူးပြောပြနေစရာလိုမယ် မထင်ပါဘူး။

4. tvN 'My Mister' (2018)

၂၀၁၈ ခုနှစ်မှာ tvN ရုပ်သံဌာနကနေ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ 'My Mister' ဇာတ်လမ်းတွဲမှာတော့ သူမဟာ ဘ၀ရဲ့ ခါးသီးမှုတွေ၊ အခက်အခဲတွေ၊ နာကျင်မှုတွေများစွာကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ Lee Ji-an ဆိုတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီဇာတ်လမ်းတွဲက သူမရဲ့ သရုပ်ဆောင်ချက်တွေဟာဆိုရင် ကြည့်ရှုသူပရိသတ်တွေအနေနဲ့ မချီးကျူးပဲမနေနိုင်လောက်အောင်ကို ပြောင်မြောက်ခဲ့ပါတယ်။

5. tvN 'Hotel Del Luna' (2019)

IU အနေနဲ့ သူမ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေထဲကမှ ပရိသတ်တွေရဲ့ အားပေးမှုအများဆုံးနဲ့ အအောင်မြင်ဆုံးဇာတ်ကားကတော့ အခုလက်ရှိမှာ ထုတ်လွှင့်ပြသလျှက်ရှိတဲ့ 'Hotel Del Luna' ဇာတ်လမ်းတွဲပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော်က ကျိန်စာတစ်ခုကြောင့် ဟိုတယ်ကြီးထဲမှာ အသက်အရွယ်ကြီးရင့်လာခြင်းမရှိပဲ နှစ်ပေါင်း ၁၃၀၀ လုံးလုံး ပိတ်မိနေတဲ့ "ဂျန်မန်ဝေါ်" ဆိုတဲ့ အမျိုးသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ပရိသတ်တို့အနေနဲ့ IU ကို အခုဖော်ပြပေးခဲ့တဲ့ ဇာတ်ကား (၅) ကားထဲက ဘယ်ဇာတ်ကားနဲ့ စတင်ပြီး သရုပ်ဆောင်မင်းသမီးတစ်လက်အဖြစ် လက်ခံစေခဲ့သလဲဆိုတာ ပြောသွားပေးခဲ့ပါဦးနော်။

Ref : SBS Star
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။