မက်ဆီကြောင့် ဘယ်လောက်အထိ ငိုကြွေးခဲ့ရသလဲဆိုတာထုတ်ဖော်ဖွင့်ဟခဲ့တဲ့ နေမာ

Posted on - Sep 11 []

Gunner Ksr

စာရေးသူ

နေမာကို (၂) ကြိမ်တိုင်တိုင် ငိုကြွေးအောင်ပြုလုပ်ခဲ့ဖူးတဲ့ မက်ဆီရဲ့ လွမ်းမောဖွယ်ရာပုံပြင်"မက်ဆီနဲ့တွဲကစားရတာဟာ ကျွန်တော့်အတွက် လုံးဝကျေနပ်စေပြီး တကယ့်ကိုဂုဏ်ယူစရာပါပဲ။ တကယ်တမ်းမှာတော့ အဲဒီထက်အများကြီးပိုတာပေါ့ဗျာ။ သူက ကျွန်တော့်ရဲ့သူငယ်ချင်းပါ"လို့ နေမာက မက်ဆီနဲ့ပတ်သက်ပြီး ရင်ဖွင့်ခဲ့ဖူးပါတယ်။ ဒီစကားတွေကိုကြည့်ရင် မက်ဆီနဲ့ နေမာအကြား ရင်းနှီးမှုအတိုင်းအတာကို အထင်းသားတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မက်ဆီကြောင့်ပဲ သူဟာ (၂) ကြိမ်တိုင်တိုင် မျက်ရည်ကျခဲ့ရတယ်လို့ နေမာက ဖွင့်ဟခဲ့ပါတယ်။

နေမာဟာ (၂၀၁၆) ခုနှစ်မှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဘာစီလိုနာကို မရောက်ခင်ကတည်းက မက်ဆီဟာ သူ့ရဲ့ Idol ဖြစ်ကြောင်း၊ မက်ဆီကို ကူညီဖို့ ရောက်လာခဲ့တာဖြစ်ကြောင်း နေမာက ပြောကြားခဲ့ပါတယ်။

မက်ဆီကလည်း နေမာကို ခပ်လွယ်လွယ်နဲ့ပဲ ခင်မင်ခဲ့ပြီး အစစအရာရာ ကူညီပေးခဲ့ပါတယ်။ ဘာစီလိုနာအစနေ့စွဲတွေက နေမာအတွက်လည်း မလွယ်ကူခဲ့ပါဘူး။ ရာသီဥတုအပြောင်းအလဲ၊ နေထိုင်ပုံအပြောင်းအလဲမှာ နေမာတစ်ယောက် ရုန်းကန်ခဲ့ရတယ်။

တစ်ခါက အ၀တ်လဲခန်းအတွင်း နေမာတစ်ယောက် အရမ်းစိတ်ဓာတ်ကျပြီး ခေါင်းငိုက်စိုက်ဖြစ်နေတဲ့အချိန် သူ့ရှေ့မှာ ကစားသမားတစ်ယောက်လာရပ်တာကို သတိထားမိခဲ့ပါတယ်။ မော့ကြည့်လိုက်တဲ့အချိန်မှာတော့ အဲဒီကစားသမားဟာ တခြားသူမဟုတ်ပါဘူး။ လီယွန်နယ်မက်ဆီကိုယ်တိုင်ပါပဲ။ အဲဒီမှာ မက်ဆီက နေမာကို လှမ်းကမ်းပေးပြီး အထိရှဆုံးဖြစ်စေမယ့် စကားတစ်ခွန်းကို ဆိုခဲ့ပါတယ်။ "အဲဒီအချိန်မှာ ကျွန်တော်က စိတ်ဓာတ်တွေအရမ်းကျနေပြီး တစ်ယောက်ယောက်ရဲ့အားပေးမှုကို လိုအပ်နေခဲ့တာပါ။ အဲဒီမှာ မက်ဆီကရောက်လာပြီး 'ပျော်ပျော်ရွှင်ရွှင်နေစမ်းပါ။

မင်းကိုယ်မင်း ဆန်းတို့စ်မှာလိုပဲ သဘောထား။ ဘာမှမရှက်နဲ့။ ဘာကိုမှ မကြောက်နဲ့။ မင်းနောက်မှာ ငါတစ်ယောက်လုံးရှိတယ်။ ငါတို့အားလုံးရှိတယ်"ဆိုပြီး မက်ဆီက အားပေးခဲ့တာပါ။ မက်ဆီရဲ့စကားက နေမာကို လုံးဝထိရှသွားခဲ့ပြီး မျက်ရည်ကျခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်။ အဲဒီနောက်မှာတော့ နေမာတစ်ယောက် အနိမ့်၊ အမြင့်တွေကို ဖြတ်ကျော်ပြီး နေမာတစ်ယောက် ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အင်တာဗျူးတစ်ခုမှာ သတင်းထောက်က "မက်ဆီက မင်းကိုလွမ်းနေတယ်လို့ ခဏခဏ ပြောတယ်။ မင်းကိုလည်း ဘာစီလိုနာကို မြင်လာစေချင်တယ်လို့ ပြောတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းဘယ်လိုခံစားရသလဲ"ဆိုပြီး မေးမြန်းခဲ့ပါတယ်။ သတင်းထောက်ရဲ့ မေးခွန်းကို ကြားလိုက်ရပြီးနောက်မှာ နေမာဟာ အရင်ဆုံးဘာမှမပြောနိုင်တော့ဘဲ သူ့ရဲ့မျက်လုံးထဲကနေ မျက်ရည်စတွေ အလိုလိုစီးဆင်းလာခဲ့ပါတယ်။

"ကျွန်တော့်အတွက်လည်း ခက်ခဲပါတယ်။ အရမ်း...အရမ်းခက်ခဲပါတယ်"လို့သာ နေမာပြောနိုင်ပါတော့တယ်။ နေမာနဲ့ မက်ဆီကြားထဲက ဆက်ဆံရေးက ပရိသတ်တွေထင်ထားတာထက်ပိုပြီး ရင်းနှီးပါတယ်။ နေမာကို (၂) ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ဖူးတဲ့ မက်ဆီရဲ့ပုံပြင်တွေက တကယ့်ကို လွမ်းဆွတ်ချင်စရာပါပဲ။

Ref: Oh My Goal

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။