ကြည့်မိသူတိုင်း ဖယောင်းရုပ်တွေကို ကြောက်လန့်စိတ်ဖြစ်စေမယ့် "House Of Wax" ဇာတ်ကား

Posted on - Oct 2 []

Mia Zin

စာရေးသူ

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ပတ်ဝန်းကျင်လောက်တုန်းက ရုပ်ရှင်ချစ်ပရိသတ်တွေ၊ အထူးသဖြင့် သည်းထိတ်ရင်ဖိုဇာတ်လမ်းကြိုက် ပရိသတ်တွေအကြားမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားရှိခဲ့ပါတယ်။ အဲဒီဇာတ်ကားကတော့ ၂၀၀၅ ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ House Of Wax ဆိုတဲ့ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့သူတွေကတော့ Elisha Cuthbert, Chad Michael Murray, Brian Van Holt, Paris Hilton, Jared Padalecki, Jon Abrahams, Robert Ri'chard တို့ ဖြစ်ကြပါတယ်။

Louisiana မြို့မှာ ဘောလုံးပွဲသွားကြည့်ဖို့အတွက် ခရီးထွက်လာတဲ့ သူငယ်ချင်းတစ်သိုက်ဟာ သွားလိုတဲ့ခရီးကိုမရောက်ရှိခင် လယ်ကွင်းပြင်တစ်ခုမှာ ယာယီတဲထိုးပြီးတစ်ညတာ အိပ်စက်အနားယူကြရာကနေ ဇာတ်လမ်းက အစပြုခဲ့တာဖြစ်ပါတယ်။ လူငယ်တွေချည်းပဲမို့်လို့ ပျော်ပျော်ပါးပါးနဲ့ အရက်သောက်ပျော်ပါးနေကြချိန်မှာတော့ ဘယ်ကမှန်းမသိတဲ့ကားတစ်စီးက သူတို့တွေအနားယူနေတဲ့ လယ်ကွင်းဆီကိုရောက်ရှိလာခဲ့ပါတယ်။ ရောက်ရှိလာတဲ့ထိုကားပေါ်ကနေ မည်သည့်လူကမှ ဆင်းသက်လာခြင်းမရှိသလို ကားမီးကိုလည်းဖွင့်ထားတာမို့လို့ အဖွဲ့ထဲမှာပါတဲ့ လူဖြောင့်စိတ်တို Nick ဟာ စိတ်မရှည်တော့ပဲ ထိုကားဆီကို သူသောက်လက်စ ဘီယာပုလင်းနဲ့ လှမ်းပစ်လိုက်ပါတော့တယ်။ အဲဒီအခါမှာတော့ ကားရဲ့ရှေ့မီးသီးဟာ ကွဲသွားခဲ့ပြီး ကားကလည်း သူတို့နေရာကနေ ပြန်လည်ထွက်ခွာသွားခဲ့ပါတော့တယ်။

နောက်နေ့မနက်မှာတော့ သူတို့အဖွဲ့ခရီးဆက်ဖို့ပြင်ရာမှာ Nick ရဲ့ ကားက ပန်ကာကြိုးက ပျက်နေတာကို တွေ့ရှိခဲ့တဲ့အတွက် ခရီးဆက်ဖို့ အခက်ကြုံရပါတော့တယ်။ အဲဒီအချိန်မှာပဲ တောထဲမှာအပေါ့သွားနေတဲ့ Carly ဆီကနေ အော်သံကိုကြားလိုက်ရတာကြောင့် အသံကြားရာဆီကို ကျန်တဲ့သူတွေ အမြန်ပြေးသွားချိန်မှာ Carly ဟာ တောင်စောင်းတစ်ခုကနေ ခြေချော်ပြီး တိရစ္ဆာန်အသေတွေပစ်ထားတဲ့နေရာဆီကို ပြုတ်ကျနေတာကို တွေ့ရပါတယ်။ ကျန်တဲ့သူတွေက Carly ကို ကယ်နေတဲ့အချိန်မှာပဲ အဲဒီနေရာဆီကို ကားတစ်စီးရောက်ရှိလာတာကြောင့် နီးစပ်ရာမြို့တစ်မြို့မှာ ကားပန်ကာကြိုးသွားရောက်ဝယ်ယူဖို့အတွက် Carly နဲ့ သူမရဲ့ ချစ်သူ Wade တို့ဟာ ထိုကားနဲ့ လိုက်ပါသွားကြပြီး ကျန်တဲ့သူတွေကတော့ ဘောလုံးပွဲကြည့်ဖို့အတွက် ခရီးဆက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကားလမ်းပိတ်မှုကြောင့် ပွဲချိန်ကိုမမှီခဲ့ပဲ Carly နဲ့ Wade တို့ရှိမယ့် လယ်ကွင်းပြင်ဆီကိုပဲ ပြန်လာခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ Carly နဲ့ Wade တို့ ၂ ယောက်ဟာ သရဲခြောက်သလားလို့ ထင်မှတ်ရလောက်အောင် ခြောက်ကပ်တိတ်ဆိတ်လွန်းတဲ့ Ambrose မြို့ကိုရောက်ရှိနေပါတော့တယ်။ သူတို့ ၂ ယောက်ဦးရောက်ရှိနေတဲ့နေရာဟာ နယ်မြို့လေးတစ်မြို့ဖြစ်တယ်ဆိုသော်ငြားလည်း လူတစ်ဦးတစ်ယောက်မျှ လှုပ်ရှားသွားလာခြင်းမရှိပဲ တိတ်ဆိတ်နေတာကြောင့် အံ့သြနေချိန်မှာ ဘုရားကျောင်းက နာရေးတစ်ခုနဲ့ ကြုံခဲ့ပြီး နာရေးရှင်ဖြစ်တဲ့ Bo ဆိုတဲ့သူနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ ဆိုင်တွေမှာ ရောင်းတဲ့သူတွေမရှိတာကြောင့် လိုချင်တဲ့ပစ္စည်းဝယ်ယူဖို့ ဆိုင်ရှင်လာရောက်မှာကို စောင့်ဆိုင်းနေချိန်မှာ မြို့မှာရှိတဲ့ ဖယောင်းပြတိုက်ကို သွားရောက်လည်ပတ်ခဲ့ကြပြီး တအောင့်အကြာမှာတော့ ခုနကတွေ့ဆုံခဲ့တဲ့ Bob နဲ့ ပြန်လည်တွေ့ခဲ့ပြီး Bob က သူ့ဆီမှာ ပန်ကာအကြိုးအပိုရှိတယ်လို့ဆိုကာ Carly နဲ့ Wade တို့ကို သူ့ရဲ့အိမ်ဆီ ခေါ်ဆောင်သွားပါတော့တယ်။

အဲဒီနောက်မှာတော့ Carly နဲ့ Wade တို့ ချစ်သူ ၂ ဦး ဘယ်လိုမျိုးအန္တရာယ်တွေနဲ့ တွေ့ကြုံကြရပြီး ဘယ်လို လွတ်မြောက်အောင်ကြိုးစားကြမလဲ၊ စုရပ်ဆီကို ပြန်လာခဲ့ကြတဲ့ Nick တို့ သူငယ်ချင်းတွေဆီမှာရော ဘယ်လိုမျိုးသော သည်းထိတ်ရင်ဖိုဖြစ်ရပ်တွေ ဖြစ်ပေါ်လာမလဲဆိုတာနဲ့ တစ်မြို့လုံး လူသူမရှိပဲ တိတ်ဆိတ်နေရတဲ့ အကြောင်းအရင်းကရော ဘာများဖြစ်မလဲဆိုတာကို ရင်တဖိုဖိုနဲ့ကြည့်ရှုရတဲ့ ထိုဇာတ်ကားဟာ ထွက်ရှိခဲ့ပြီးတာ ၁၀ နှစ်ကျော် ၁၅ နှစ်နီးပါးကြာမြင့်ခဲ့သည်အထိတိုင်အောင် ဒီနေ့အချိန်ထိ ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးရတဲ့ဇာတ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားကို ကြည့်ရှုခဲ့ကြဖူးသူ ပရိသတ်တွေကတော့ ကြည့်ပြီးနောက်ပိုင်းမှာ ဖယောင်းရုပ်တွေကို ကြောက်လန့်စိတ်ဖြစ်မိတယ်လို့ ဆိုကြတာကြောင့် တကယ်လို့များ သင်ဟာ ဖယောင်းရုပ်တွေနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားသူတစ်ယောက်ဆိုရင်တော့ အဆိုပါဇာတ်ကားဟာ မဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Ref : Wiki
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။