ခင်ပွန်းလောင်းနဲ့ရရှိထားတဲ့ ရင်သွေးလေးကို ပိုင်ဆိုင်သွားပြီဖြစ်တဲ့ Westlife အဖွဲ့ဝင် Mark Feehily

Posted on - Oct 3 []

Mia Zin

စာရေးသူ

လွန်ခဲ့တဲ့အနှစ် ၂၀ ပတ်ဝန်းကျင်လောက်တုန်းက မြန်မာနိုင်ငံက လူငယ်ပရိသတ်တွေအကြားမှာသာမက နိုင်ငံတကာက ပရိသတ်တွေအကြားမှာ ဟုန်းဟုန်းတောက်ဆိုသလို နာမည်ကြီးအောင်မြင်ခဲ့တဲ့ အမျိုးသားအဆိုတော်အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့ကတော့ ခပ်ချောချောကောင်လေး (၅) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Westlife ဆိုတဲ့အဖွဲ့ပါပဲ။

၁၉၉၈ ခုနှစ်ကနေ စတင်ဖွဲ့စည်းခဲ့တဲ့ သူတို့အဖွဲ့ဟာ ၂၀၀၀ ပြည့်နှစ်ပတ်ဝန်းကျင်လောက်မှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး သူတို့အဖွဲ့ရဲ့ သီချင်းတွေဟာဆိုရင် လူငယ်ပရိသတ်တွေရဲ့အကြားမှာ ရေပန်းစားခဲ့ပါတယ်။ ဒီနေ့အချိန်ထိတိုင်အောင်လည်း သူတို့ရဲ့သီချင်းတွေက ပရိသတ်တွေကြားမှာ လူကြိုက်များ အောင်မြင်နေဆဲပါ။

ဒီလိုမျိုးအောင်မြင်ခဲ့တဲ့အဖွဲ့ထဲမှာ လူကြိုက်အများဆုံးသော အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်သူ Mark Feehily ကတော့ သူဟာ လိင်တူကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်တယ်ဆိုတာကို ၂၀၀၅ ခုနှစ်လောက်တုန်းက စတင်ထုတ်ပြောပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗြိတိန်လူမျိုး ဖက်ရှင်ဓာတ်ပုံဆရာ Kevin McDaid နဲ့ ချစ်ကြိုက်နေတယ်ဆိုတာကို ၀န်ခံခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ သူတို့ ၂ ယောက်ဟာ စေ့စပ်ခဲ့ပါတယ် ။

ဒါပေမယ့်လည်း ၂၀၁၁ ခုနှစ်မှာတော့ လမ်းခွဲလိုက်ပြီဖြစ်တဲ့အကြောင်းကို ကြေညာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ချစ်သူသက်တမ်း ၆ နှစ်ရှိနေပြီဖြစ်တဲ့ Cailean O'Neill နဲ့ Maldives မှာ စေ့စပ်လိုက်ပြီဖြစ်တဲ့အကြောင်းကို သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ကြေညာခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလပိုင်းတုန်းကလည်း ပရိသတ်တွေအတွက် နောက်ထပ်အံ့အားသင့်စရာကောင်းတဲ့ သတင်းတစ်ခုကို သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးထုတ်ပြောပြခဲ့ပါတယ်။ အဲဒါကတော့ သူဟာ စေ့စပ်ထားတဲ့ခင်ပွန်းလောင်း Cailean O'Neill နဲ့ ရင်သွေးလေးရနေပြီဆိုတဲ့ သတင်းပါပဲ။

အာထရာဆောင်း (Ultrasound) ပုံလေးနဲ့အတူ ၂ ယောက်တွဲရိုက်ထားတဲ့ ပုံလေးကိုတင်ထားပြီး သူ့ရဲ့မွေးနေ့ဖြစ်တဲ့ မေလ ၂၈ ရက်နေ့တုန်းက အသိပေးထုတ်ပြောပြခဲ့တာ ဖြစ်ပါတယ်။ ပုံလေးနဲ့အတူ "ဒီနှစ်ကုန်ပိုင်းလောက်ကျရင် ကျွန်တော်တို့တွေ ဖခင်တွေအဖြစ်ကိုရောက်ရှိတော့မယ်ဆိုတာကို အသိပေးရတဲ့အတွက် ဒီမွေးနေ့ကတော့ ဖြတ်သန်းခဲ့ရတဲ့မွေးနေ့တွေထဲမှာ အမှတ်တရအဖြစ်ဆုံးပါပဲ။ ကျွန်တော်တို့ဘ၀မှာ ဂုဏ်အယူရဆုံးသော ဒီအခိုက်အတန့်လေးကို အော်ပြီးပြောချင်တဲ့အထိကို စိတ်လှုပ်ရှားနေခဲ့ပါတယ်" လို့ရေးသားပြီး တင်ထားခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ တကယ်ကို သူကြေညာထားခဲ့အတိုင်းပဲ ရင်သွေးလေးဟာ လူ့လောကကိုရောက်ရှိလာပြီဖြစ်ပြီး သမီးမိန်းကလေးဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို သူတို့ချစ်သူစုံတွဲဟာ တွစ်တာကနေတဆင့် အသိပေးခဲ့တာဖြစ်ပြီး သူတို့ဟာလက်ရှိအချိန် ကမ္ဘာမှာ အပျော်ဆုံးသောဖခင်တွေဖြစ်နေကြတယ်လို့လည်း ရေးသားထားတာကို တွေ့ရပါတယ်။

သူတို့ ချစ်သူ ၂ ယောက်ရဲ့ ပျော်စရာကောင်းတဲ့ အချိန်လေးနဲ့ ပတ်သတ်ပြီး မိတ်ဆွေသူငယ်ချင်းတွေ၊ ပရိသတ်တွေက ၀မ်းသာဂုဏ်ပြုစကားတွေပြောထားကြကာ မွေးဖွားလာတဲ့သမီးလေးအတွက်လည်း ဆုမွန်ကောင်းတွေ တောင်းပေးထားကြတာကို တွေ့ရပါတယ်။ Mark တို့ မိသားစုလေး ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို အချိန်တွေအကြာကြီး ပိုင်ဆိုင်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Ref : Mirror
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။