ဒေးဗစ်ဘတ်ခမ်းကို စောင့်ဆိုင်းစေခဲ့တာကြောင့် ဝေဖန်အပြစ်တင်ခံခဲ့ရတဲ့ BLACKPINK နဲ့ YG

Posted on - Oct 10 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် ထိပ်တန်း Idol အဖွဲ့ဖြစ်တဲ့ BLACKPINK နဲ့ သူမတို့အေဂျင်စီဖြစ်တဲ့ YG Entertainment ဟာဆိုရင် လတ်တလောမှာ ပွဲတက်အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တာနဲ့ ပတ်သတ်ပြီးတော့ အွန်လိုင်းအသုံးပြုသူ ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။

အဆိုပါပွဲအခမ်းအနားကတော့ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ADIDAS ရဲ့ နှစ် ၇၀ ပြည့်အထိမ်းအမှတ်နဲ့ ပြုလုပ်တဲ့ နှစ်ပတ်လည်အခမ်းအနားဖြစ်ပြီး ထိုပွဲကို BLACKPINK အဖွဲ့သာမကပဲ ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ဘတ်ခမ်းလည်း တက်ရောက်ခဲ့ပါသေးတယ်။

BLACKPINK အနေနဲ့ ဝေဖန်မှုတွေကို ရရှိခဲ့တဲ့အကြောင်းအရင်းကတော့ ဒေးဗစ်ဘတ်ခမ်းနဲ့ တွေ့ဆုံဖို့အတွက်ကို နောက်ကျနေခဲ့တာကြောင့်ဖြစ်ပြီး YG ကတော့ သူတို့ Idol တွေရဲ့ ကိုယ်စားတောင်းပန်စကားမဆိုခဲ့တာကြောင့် အပြစ်တင်ခံနေရတာဖြစ်ပါတယ်။

ထွက်ရှိလာတဲ့သတင်းတွေအရတော့ ဘတ်ခမ်းဟာ ကြိုတင်စီစဉ်ထားတဲ့အတိုင်း သူ တစ်ယောက်တည်းဦးစွာ သတင်းထောက်တွေနဲ့ တွေ့ဆုံဓာတ်ပုံအရိုက်ခံခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ BLACKPINK အဖွဲ့နဲ့ တွေ့ဆုံဖို့အတွက် စီစဉ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ BLACKPINK အနေနဲ့ ဒါဟာ ဘတ်ခမ်းနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်တာကြောင့် စိတ်အားထက်သန်မှုအပြည့်နဲ့ စောစီးစွာကြိုရောက်နေမယ်လို့ ပရိသတ်တွေက ခန့်မှန်းထားခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ထင်ထားသလို ဖြစ်မနေခဲ့ပါဘူး။

သူမတို့အဖွဲ့နဲ့ တွေ့ဆုံဖို့အတွက် ဘက်ခမ်းဟာ မိနစ် ၂၀ မျှ စောင့်ဆိုင်းနေခဲ့ရတယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ချိန်းထားတဲ့အချိန်ထက် နောက်ကျပြီးမှရောက်လာတာမျိုးဟာ အနုပညာရှင်တွေ အတော်များများအတွက် ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုဖြစ်တယ်ဆိုသော်ငြားလည်း နာမည်ကြီး Idol အဖွဲ့တစ်ဖွဲ့အနေနဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးကို တွေ့ဆုံဖို့ နောက်ကျမှရောက်ရှိလာတာမျိုးနဲ့ပတ်သတ်ပြီး အေဂျင်စီဘက် မည်သည့်တုံ့ပြန်ဖြေရှင်းချက်မျိုး မထွက်ရှိလာတာကြောင့် ပရိသတ်တွေရဲ့အကြားမှာ ပိုလို့တောင်မှ ပွဲဆူစေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း BLACKPINK ရဲ့ ပရိသတ်တွေကတော့ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး စတိတ်စင်အနောက်ကဓာတ်ပုံအချို့ကို ထုတ်ပြကာ BLACKPINK အဖွဲ့ဝင်တွေအနေနဲ့ ပွဲကျင်းပရာနေရာကို အချိန်ကိုက်ရောက်ရှိလာခဲ့ကြောင်း၊ နောက်ကျခဲ့ခြင်းမရှိကြောင်းလို့ဆိုကာ သူတို့တွေရဲ့ Idol ဘက်ကနေ ခုခံကာကွယ်ပေးထားကြတာကို တွေ့ရပါတယ်။

သို့ပေမယ့်ငြားလည်း ပွဲကျင်းပရာနေရာမှာရှိနေခဲ့တဲ့ သတင်းထောက်တစ်ယောက်ကတော့ BLACKPINK အဖွဲ့ဟာ တကယ်ပဲ မိနစ် ၂၀ မျှနောက်ကျခဲ့ကြောင်း၊ ထိုကဲ့သို့နောက်ကျခဲ့ခြင်းအတွက် ပွဲအခမ်းအနားကျင်းပရာမှာ နှောင့်နှေးမှုတွေဖြစ်ပေါ်ခဲ့ကြောင်းကို ပြောပြထားပါတယ်။

ဒါ့အပြင် ပွဲရဲ့တာဝန်ရှိသူကလည်း ပွဲအခမ်းအနားဟာ စီစဉ်ထားတဲ့အတိုင်း မဖြစ်ပဲ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်ခဲ့တာကြောင့် စိတ်ပျက်မိကြောင်းကို ဆိုထားပါသေးတယ်။ သတင်းထောက်တွေနဲ့ အွန်လိုင်းအသုံးပြုသူတွေကတော့ BLACLKPINK အနေနဲ့ ဘယ်လိုမျိုးအကြောင်းအရင်းကြောင့် ပွဲကိုနောက်ကျပြီးမှရောက်လာရသလဲဆိုတာကို ဖြေရှင်းချက်တစ်စုံတစ်ရာမပေးတဲ့အတွက် YG Entertainment ကို အပြစ်တင်ဝေဖန်ထားကြပါတယ်။

တချို့သော သတင်းတွေနဲ့ ဝေဖန်ချက်တွေမှာတော့ YG အနေနဲ့ ဘယ်လိုမျိုးအခြေအနေ အကြောင်းအရင်းတွေကြောင့် နောက်ကျပါတယ်ဆိုတာကို ဖြေရှင်းပြလိုက်မယ်ဆိုရင် ပြဿနာက ဒီလောက်ထိမကြီးထွားလာနိုင်ဘူးလို့ဆိုကာ မှတ်ချက်ပေးကြတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်အထိတော့ YG Entertainment ဘက်ကနေ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ဖြေရှင်းချက်တစ်စုံတစ်ရာထုတ်ပြခြင်း မရှိသေးပါဘူး။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။