Sulli ရဲ့ သေဆုံးမှုနဲ့ပတ်သတ်ပြီး ရည်းစားဟောင်းဖြစ်သူရဲ့ဖွင့်ဟခဲ့မှုအပေါ် ပရိသတ်တွေစိတ်ဆိုးဒေါသဖြစ်ကြရ

Posted on - Nov 20 []

Mia Zin

စာရေးသူ

အပြစ်တင်ဝေဖန်တိုက်ခိုက်မှုတွေကြောင့် စိတ်ကျဝေဒနာခံစားရပြီး မိမိကိုယ်ကိုယ်ကို အဆုံးစီရင်သွားခဲ့တဲ့ Sulli တစ်ယောက် အသက်ရှင်စဉ်အချိန်တုန်းက သူမကို အွန်လိုင်းကနေ ဝေဖန်အပြစ်တင်တိုက်ခိုက်ခဲ့ကြသူတွေကို SBS ရဲ့ "Unanswered Questions" ဆိုတဲ့ အစီအစဉ်ကနေ လိုက်လံပြီးအင်တာဗျူးခဲ့ကာ ထိုသူတွေကလည်း သူတို့တွေရဲ့ ကိုယ်ပိုင်အမြင်နဲ့ ခံစားချက်တွေကို ပွင့်လင်းစွာနဲ့ ထုတ်ဖော်ပြောပြသွားခဲ့ပါတယ်။

အဲဒီလိုမျိုး အင်တာဗျူးဖြေခဲ့ကြသူတွေထဲမှာ Sulli ရဲ့ ရည်းစားဟောင်းတစ်ယောက်ဖြစ်ပြီး BJ လို့အမည်ရတဲ့ YouTuber တစ်ယောက်လည်း ပါဝင်ပါတယ်။ သူ့ရဲ့ YouTube Channel ကတော့ Baepon TV ဖြစ်ပါတယ်။

ထိုသူဟာ Sulli ကွယ်လွန်သွားပြီဆိုတဲ့သတင်းထွက်ရှိခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့တုန်းက သူ့ရဲ့ YouTube Channel ကနေတဆင့် Live လွှင့်ကာ ငိုကြွေးပြခဲ့ပြီး အဆိုပါ Live ကို ကြည့်ရှုလိုက်ရသူတွေကတော့ သူ ငိုကြွေးတဲ့ပုံစံက ဇနီးသည်ကို ဆုံးရှုံးလိုက်ရလို့ ငိုကြွေးနေတဲ့ ခင်ပွန်းသည်တစ်ယောက်ရဲ့ ပုံစံနဲ့တူတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့်လည်း "Unanswered Questions" ရဲ့ အင်တာဗျူးမှာတော့ BJ ရဲ့ ပုံစံက အတော်လေးကို ပြောင်းလဲသွားခဲ့ပြီလို့ ဆိုလို့ရပါတယ်။ အင်တာဗျူးမှာ သူက" ကျွန်တော် သူ့အပေါ်မှာ လေးစားမှုမရှိတာမျိုး မဖြစ်ချင်ပါဘူး။ ကျွန်တော့်ရဲ့ ၀မ်းနည်းကြေကွဲမှုနဲ့ စိတ်ပျက်မှုတွေကို တခြားပုံစံတစ်မျိုးနဲ့ ဖော်ထုတ်ပြချင်တာပါ" လို့ဆိုကာ ဦးစွာပြောခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး သူက "ကျွန်တော့်အတွေးဆိုရင်တော့ အနုပညာရှင်တစ်ယောက်မှန်တယ်ဆိုရင် အပုပ်ချဝေဖန်ပြောတာမျိုးတွေကြောင့် စိတ်ထိခိုက်စရာမလိုဘူးလို့ထင်တယ်။ ပြီးတော့ အနုပညာရှင်တစ်ယောက်ရဲ့ အလုပ်က လူအများအရှေ့ကို ထွက်ပြရတာလေ။ ဒီတော့ အပြစ်တင်ခံရမယ်၊ ဝေဖန်ခံရမယ်ဆိုတာက ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပဲဟာကို။ စည်းကမ်းအရဆိုရင်တောင်မှ အနုပညာရှင်တွေမှန်တယ်ဆိုရင် ဒီလိုမျိုးအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရမှာပေါ့။ ဒါတွေအပြင် Sulli သေဆုံးခဲ့ရတာက အပုပ်ချဝေဖန်ချက်တွေကြောင့် မဟုတ်ပါဘူး။ ရိုင်းစိုင်းတဲ့ဝေဖန်ချက်တွေကို ကြောက်နေမယ်ဆိုရင်လည်း အနုပညာရှင်လုပ်မနေနဲ့လေ" လို့လည်း ပြောခဲ့ပါသေးတယ်။

ရည်းစားဟောင်းဆိုတဲ့သူဆီက ဒီလိုမျိုးစကားတွေထွက်ပေါ်လာချိန်မှာတော့ အွန်လိုင်းအသုံးပြုသူတွေ၊ အထူးသဖြင့် Sulli ရဲ့ပရိသတ်တွေမှာ စိတ်ဆိုးဒေါသဖြစ်ခဲ့ကြရပြီး ထိုသူ့ကို အပြစ်တင်စကားတွေပြောဆိုခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ BJ က နံရံကို ခေါင်းနဲ့ဆောင့်နေတဲ့ ဗီဒီယိုတစ်ခုကို သူ့ရဲ့ YouTube Channel မှာတင်ခဲ့ပါတယ်။ ထိုဗီဒီယိုထဲမှာ နံရံကို ဦးခေါင်းနဲ့ဆောင့်တာအပြင် အော်ဟစ်နေတဲ့အသံတွေလည်း ပါဝင်နေပါသေးတယ်။

ဒီလိုမျိုး ဗီဒီယိုတင်ပြီးအချိန်မှာတော့ အွန်လိုင်းအသုံးပြုသူ ပရိသတ်တွေအနေနဲ့ သူ့အပေါ်မှာ သနားစိတ်မဖြစ်မိပဲ ပိုလို့တောင်မှ စိတ်ဆိုးဒေါသထွက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

Ref : Kpopstarz
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။