Goo Hara ရဲ့အလိုဆန္ဒမပါပဲ ရိုက်ကူးထားတဲ့ ဗီဒီယိုကိုတရားရုံးတော်မှာပြသခိုင်းတဲ့ တရားသူကြီး အပြစ်တင်ခံခဲ့ရ

Posted on - Dec 2 []

Mia Zin

စာရေးသူ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့တုန်းက နေအိမ်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ Goo Hara ဟာဆိုရင် ၂၀၁၈ ခုနှစ်တုန်းက ရည်းစာဟောင်းဖြစ်သူရဲ့ ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်း၊ သူမရဲ့အိမ်တွင်းရှိ အသုံးအဆောင်ပစ္စည်းတွေကို ဖျက်စီးခြင်းတို့တွေအပြင် သူမရဲ့ သဘောတူညီမှုမပါဝင်ပဲ ရိုက်ကူးထားတဲ့ Sex Cam နဲ့ နာမည်ထိခိုက်ပျက်စီးအောင် ခြိမ်းခြောက်နှောင့်ယှက်ခြင်းတို့ကို ခံစားခဲ့ရသူဖြစ်ပါတယ်။ ဒါကြောင့် ရည်းစားဟောင်းဖြစ်သူနဲ့ အချိန်ကြာမြင့်စွာ တရားရင်ဆိုင်ခဲ့ရပြီး အဲဒီနောက်မှာတော့ သူမရဲ့ စိတ်ကျဝေဒနာဟာ အတော်လေးကို ဆိုးရွားလာတယ်လို့ ဆိုလို့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဆိုရင် သူမတို့ရဲ့ အဆိုပါအမှုကိစ္စတွေကို တာဝန်ယူဆုံးဖြတ်ပေးရတဲ့ တရားသူကြီးတစ်ယောက်ဟာ Goo Hara မသိအောင်ရိုက်ကူးထားတဲ့ Sex Cam ကို တရားရုံးတော်မှာ ပြသဖို့အတွက် တင်သွင်းခိုင်းခဲ့တာနဲ့ ပတ်သတ်ပြီး အွန်လိုင်းအသုံးပြုသူတွေပရိသတ်တွေအများအပြားရဲ့ ဆိုးရွားစွာပြစ်တင်ရှုံ့ချခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

သြဂုတ်လတုန်းက တရားသူကြီး Oh Duk Shik ဟာ Goo Hara ရဲ့ ရည်းစားဟောင်းဖြစ်သူ Choi Jong Bum ကို ပိုင်ဆိုင်မှုများကို ဖျက်ဆီးမှု၊ ကိုယ်ထိလက်ရောက်ထိခိုက်စေမှု၊ ခြိမ်းခြောက်မှုနဲ့ အင်အားသုံးမှုတွေနဲ့ ပတ်သတ်ပြီး ပြစ်မှုထင်ရှားကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Sex Cam ရိုက်ကူးမှုနဲ့ ပတ်သတ်ပြီးလို့ကတော့ အပြစ်မရှိဘူးလို့ဆိုကာ အမိန့်ချထားခဲ့ပါသေးတယ်။

အဆိုပါတရားသူကြီးရဲ့ ဖြေရှင်းပြချက်အရတော့ Goo Hara ဟာ သူမရဲ့ရည်းစား ဗီဒီယိုရိုက်ကူးတာကို သိရှိကြောင်းနဲ့ ဖျက်ပစ်လိုက်ဖို့အတွက် မပြောထားဘူးလို့ သိရပါတယ်။ ဒါကြောင့် Choi Jong Bum ကို သူကျူးလွန်ခဲ့တဲ့ အပြစ်တွေနဲ့ပတ်သတ်ပြီး ခံဝန်ချုပ်နဲ့ပဲ လွှတ်ပေးထားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Goo Hara ရဲ့ မန်နေဂျာဖြစ်သူဟာ Choi Jong Bum အနေနဲ့ ပြစ်မှုထင်ရှားနေတဲ့အပြင် သူကိုယ်တိုင်လည်း အပြစ်တွေကို ၀န်ခံထားတာကြောင့် ခံဝန်ချုပ်နဲ့လွှတ်ပေးဖို့ ချမှတ်ထားတဲ့အမိန့်ဟာ မဖြစ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ပါတယ်။ ဒီလိုမျိုးအဆိုတင်သွင်းခဲ့ရာမှာ တရားသူကြီးက ဒီအမှုကိစ္စမှာ ဗီဒီယိုက အရေးကြီးကြောင်း၊ ဒါကြောင့်မို့လို့ ဗီဒီယိုကို တရားရုံးတေယ်မှာ ပြသဖို့အတွက် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ Goo Hara ရဲ့ ရှေ့နေက တောင်းဆိုမှုကို ငြင်းဆန်ခဲ့ပါတော့တယ်။

ဒီလိုမျိုးသတင်းတွေ ပျံ့နှံ့လာခဲ့ပြီးနောက်မှာတော့ ဗီဒီယိုကို တရားရုံးတော်မှာ ပြသခိုင်းတဲ့ အဆိုပါတရားသူကြီးကို အွန်လိုင်းအသုံးပြုသူ ကိုရီးယားလူမျိုးတွေက "ဒီလိုလုပ်တာက ခင်ဗျားတို့ သူ့ကို ၂ ခါသတ်လိုက်တာပဲ" လို့ဆိုကာ အစရှိသဖြင့် ပြင်းထန်လွန်းလှတဲ့ အပြစ်တင်ဝေဖန်မှုတွေ၊ ရှုံ့ချမှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့အချိန်မှာတော့ Goo Hara တစ်ယောက် လောကကြီးထဲမှာ မရှိတော့ဘူးဆိုပေမယ့်လည်း သူမရဲ့ ရှေ့နေကတော့ သူမအတွက် တရားမျှတမှုရှိအောင် အမှုကိုဆက်လက်ရင်ဆိုင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။