ချစ်ကြိုက်နေကြပါတယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့မှုအပေါ် ပထမဆုံးအကြိမ်ဖွင့်ဟလာကြတဲ့ Hyun Bin နဲ့ Son Ye Jin

Posted on - Dec 11 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Hyun Bin နဲ့ မင်းသမီး Son Ye Jin တို့ ၂ ဦးဟာဆိုရင် သူတို့ ၂ ယောက် ချစ်ကြိုက်နေကြတယ်ဆိုပြီး ထွက်ရှိခဲ့တဲ့ ကောလဟာလသတင်းတွေနဲ့ ပတ်သတ်ကာ ဒီဇင်ဘာလ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့ရှိ ဟိုတယ်တစ်ခုမှာကျင်းပပြလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

အဆိုပါသတင်းစာရှင်းလင်းပွဲကတော့ tvN ရုပ်သံဌာနကနေ ထုတ်လုပ်ရိုက်ကူးပြီး သူတို့ ၂ ဦးပါဝင်သရုပ်ဆောင်ထားကြတဲ့ 'Crash Landing on You' ဇာတ်လမ်းတွဲရဲ့ သတင်းစာရှင်းလင်းပွဲဖြစ်ပြီး ပွဲမှာ တက်ရောက်ခဲ့ကြတဲ့ သတင်းထောက်တွေက Hyun Bin နဲ့ Son Ye Jin တို့ ၂ ဦးကို ၂၀၁၉ ခုနှစ် နှစ်စပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ ဒိတ်တင်းသတင်းတွေနဲ့ ပတ်သတ်ကာ မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအခါမှာတော့ Hyun Bin က "ကျွန်တော်တို့ ၂ ယောက်ကြိုက်နေကြတယ်ဆိုပြီး ထွက်လာတဲ့သတင်းတွေကို ကျွန်တော်တို့ ပထမဆုံးကြားတော့ ၂ ယောက်သား ရယ်မိကြတော့တာပဲ" လို့ဆိုကာ ရယ်မောလျှက် ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီး "ဒီလိုကောလဟာလသတင်းတွေက ကျွန်တော်တို့ ၂ ယောက် အတူတွဲဖက်ရိုက်ကူးမယ့်ဇာတ်ကားကို အနှောင့်အယှက်မဖြစ်စေခဲ့ပါဘူး။ ကျွန်တော်တို့တွေက အရင်ကတည်းက ဇာတ်ကားအတူတူရိုက်ကူးလာခဲ့ကြပြီးသားဆိုတော့ ရင်းနှီးပြီးသားဖြစ်နေပြီလေ" လို့လည်း ပြောခဲ့ပါသေးတယ်။

"ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း Son Ye Jin နဲ့ အလုပ်အတူတူထပ်လုပ်ချင်သေးတာဆိုတော့ အဲဒါကြောင့်ပဲ 'Crash Landing on You' မှာ ပါဝင်ဖို့အတွက် ရွေးချယ်လိုက်တာပါ" လို့ဆိုကာ သူ့အနေနဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ဖြစ်ခဲ့ပုံကို ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Son Yi Jin က "ကျွန်မရဲ့အတွေးကလည်း အဲဒီလိုပါပဲ။ Hyun Bin နဲ့အတူ နောက်ထပ်ဇာတ်ကားအတူတွဲဖက်ရိုက်ကူးချင်ခဲ့တာ အထူးသဖြင့် စိတ်ကူးယဉ်အချစ်ဟာသဇာတ်လမ်းလေးပေါ့။ ဒီဇာတ်ကား ကျွန်မကို လာပြီးကမ်းလှမ်းတော့ ကျွန်မလည်း တွေဝေမနေတော့ပဲ ချက်ချင်းလက်ခံလိုက်တော့တာပဲ"လို့ဆိုကာ ဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ဖြစ်တဲ့အကြောင်းအရင်းကို ပြောပြခဲ့ပါတယ်။

Hyun Bin နဲ့ Son Ye Jin တို့ ၂ ယောက် ချစ်ကြိုက်နေကြတယ်ဆိုတဲ့သတင်းတွေဟာ ၂၀၁၉ ခုနှစ်အစပိုင်း ဇန်န၀ါရီလတုန်းက ထွက်ရှိလာခဲ့တာဖြစ်ပြီး အေဂျင်စီတွေဘက်ကနေတော့ ဒီသတင်းတွေဟာ မှားယွင်းကြောင်း ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။ ကာယကံရှင် ၂ ယောက်ကတော့ ယခုမှသာလျှင် ပထမဆုံးအကြိမ် ဖွင့်ဟခဲ့ခြင်းဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ ၂၀၁၇ ခုနှစ်တုန်းက “The Negotiator” လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ 'Crash Landing on You' ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပြန်လည်တွဲဖက်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲကိုတော့ အခုလာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။