Popular TV Actor of the Year ဆုကို အတူတူရရှိသွားခဲ့ကြတဲ့ Xiao Zhan နဲ့ Wang Yibo

Posted on - Dec 28 []

Mia Zin

စာရေးသူ

လွန်ခဲ့တဲ့ ၄ လအကျော်လောက်တုန်းက ထုတ်လွှင့်ပြသပြီးစီးသွားခဲ့တဲ့ The Untamed တရုတ်ဇာတ်လမ်းတွဲဟာဆိုရင် ၂၀၁၉ ခုနှစ်ရဲ့ အအောင်မြင်ဆုံးတရုတ်ဇာတ်လမ်းတွဲတွေထဲမှာ တစ်တွဲအပါအ၀င်ဖြစ်ပါတယ်။ စာရေးဆရာမ Mo Xiang Tong Xiu ရေးသားထားတဲ့ "Mo Dao Zu Shi" ဆိုတဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ အဆိုပါဇာတ်လမ်းတွဲဟာ ၀တ္ထုအဖြစ်စတင်ထွက်ရှိချိန်ကတည်းက တရုတ်နိုင်ငံအတွင်းမှာသာမက နိုင်ငံတကာမှာပါ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး ဇာတ်လမ်းအဖြစ်ပုံဖော်ရိုက်ကူးလို့အပြီးမှာတော့ အောင်မြင်မှုအရှိန်ဟာ ကြောက်ခမန်းလိလိများပြားခဲ့ပါတယ်။

ဇာတ်လမ်းရဲ့ အောင်မြင်မှုကို အရှိန်ကို ပိုမိုမြင့်တက်စေခဲ့တာကတော့ "လန်ကျန့်" နဲ့ "ဝေ့ရင်း" ဆိုတဲ့ အဓိကဇာတ်ကောင်တွေနေရာကို အံဝင်ခွင်ကျဖြစ်အောင် ပီပီပြင်ပြင်ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ Wang Yibo နဲ့ Xiao Zhan တို့ကြောင့်ပါပဲ။

ဒီလိုမျိုးပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ သူတို့ ၂ ယောက်ဟာ ၂၀၁၉ ခုနှစ်အတွက် လူကြိုက်အများဆုံးသောအနုပညာရှင်တွေရဲ့ စာရင်းတွေမှာ ထိပ်ဆုံးကနေပါဝင်ခဲ့တဲ့အပြင် အခုနောက်ထပ်တစ်ဖန်မှာလည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ဆုတစ်ဆုကို ၂ ယောက်အတူ ရရှိလို့သွားခဲ့ပြန်ပါပြီ။

အဲဒီဆုကတော့ ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေမှာကျင်းပပြုလုပ်ခဲ့တဲ့ Tencent Video All Star Awards 2019 ကနေ ပေးအပ်ခဲ့တဲ့ Popular TV Actor of the Year ဆိုတဲ့ဆုပဲ ဖြစ်ပါတယ်။ ဒီဆုဟာ ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျခဲ့တာကြောင့် နိုင်ငံတကာက ပရိသတ်တွေအကုန်လုံးကလည်း ကျေနပ်အားရနေကြပြီး သူတို့ချစ်ကြတဲ့ အနုပညာရှင် ၂ ယောက်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်စကားဆိုထားကြပါတယ်။

Tencent Video All Star Awards 2019 ဆုပေးပွဲဟာ နှစ်စဉ်ဆိုသလိုကျင်းပပြုလုပ်နေတဲ့ ပွဲအခမ်းအနားတစ်ခုဖြစ်ပြီး နာမည်ကျော်တရုတ်အနုပညာရှင်များစွာကို တစ်စုတစ်ဝေးတည်းတွေ့မြင်ရတဲ့ ပွဲတစ်ပွဲဆိုရင်လည်း မမှားပါဘူး။

ဒါပေမယ့် ဒီနှစ်ပွဲကတော့ The Untamed ဇာတ်လမ်းတွဲရဲ့ အောင်မြင်မှုအရှိန်ကြောင့် နိုင်ငံတကာပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အရင်နှစ်တွေကထက်ပိုပြီး ရယူနိုင်ခဲ့တဲ့ ပွဲတစ်ပွဲလို့ဆိုနိုင်ပါတယ်။ Xiao Zhan နဲ့ Wang Yibo တို့ ၂ ယောက်အတွက် ကျေနပ်ဂုဏ်ယူနေကြတဲ့ ပရိသတ်တွေရှိကြရဲ့လားဗျို့။

Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။