Mew Nittha ရဲ့ မင်္ဂလာပွဲမှာ သတို့သမီးလက်ကိုင်ပန်းစည်းကို ဖမ်းမိရရှိခဲ့တဲ့ Kimmy Kimberley

Posted on - Jan 13 []

Mia Zin

စာရေးသူ

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တဲ့ Mew Nittha ဟာဆိုရင် ပြီးခဲ့တဲ့ ၁၀ ရက်နေ့တုန်းက သူမထက် အသက် ၇ နှစ်မျှကြီးတဲ့ ချစ်သူ သန်းကြွယ်သူဌေး Saint နဲ့ မင်္ဂလာဧည့်ခံပွဲကို ကြီးကျယ်ခမ်းနားစွာပြုလုပ်ခဲ့ပြီး အဆိုပါပွဲအခမ်းအနားကို ၂ ဖက်သော မိသားစုဆွေမျိုးတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေများစွာက တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။ ဒါကြောင့် ဒီမင်္ဂလာပွဲဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေများစွာကို တစ်စုတစ်ဝေးတည်းတွေ့မြင်ရခွင့်ရတဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။

Mew ကို သူမရဲ့ ခင်ပွန်းဖြစ်သူက ချစ်သူသက်တမ်း ၁ နှစ်အကြာ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီး စေ့စပ်ပွဲကိုတော့ ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ လက်ထပ်မင်္ဂလာပွဲကိုတော့ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်မယ်ဖြစ်ကြောင်းကို ကြိုတင်ကြေညာထားခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ သူမရဲ့ မင်္ဂလာပွဲကို မျှော်လင့်စောင့်စားခဲ့ကြပါတယ်။

တကယ်တမ်း မင်္ဂလာပွဲကျင်းပပြုလုပ်ချိန်မှာတော့ အွန်လိုင်းစာမျက်နှာအထက် ဇနီးမောင်နှံ ၂ ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်တွေအပြင် နောက်ထပ်မြင်ကွင်းပုံရိပ်တစ်ခုကလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအာရုံကို အမိအရဖမ်းဆုပ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ Mew ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လည်းဖြစ်၊ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်လည်းဖြစ်တဲ့ Kimmy နဲ့ သူမရဲ့ချစ်သူ နာမည်ကြီးမင်းသား Mark Prin တို့ ၂ ယောက်ရဲ့ ပုံရိပ်ပါပဲ။

ပွဲပြီးခါနီးအချိန်မှာ သတို့သမီးဖြစ်သူ Mew က သူမရဲ့ လက်ကိုင်ပန်းစည်းကို စတိတ်စင်အောက်မှာရှိတဲ့ မိန်းကလေးတွေအကြားကို ပစ်ပေးခဲ့ပြီး အဲဒီပန်းစည်းကို ရရှိသွားခဲ့သူကတော့ တခြားသူမဟုတ်ပဲ Kimmy ပဲ ဖြစ်ပါတယ်။

Kimmy တစ်ယောက် သတို့သမီးလက်ကိုင်ပန်းစည်းကို ဖမ်းမိရရှိတာနဲ့ တစ်ပြိုင်နက် ပွဲမှာရှိတဲ့ ဧည့်ပရိသတ်တွေရဲ့ အာရုံဟာလည်း သူမရဲ့ ချစ်သူ Mark Prin ထံရောက်ရှိခဲ့ပါတော့တယ်။ လက်ကိုင်ပန်းစည်းကို မိမိရရ ဖမ်းမိသွားခဲ့တဲ့ Kimmy နဲ့ ချစ်သူဖြစ်သူက ပန်းစည်းရရှိလိုက်တာကြောင့် ရှက်ပြီးပျော်နေတဲ့ Mark တို့ရဲ့ပုံရိပ်တွေဟာ ထိုင်းနိုင်ငံရဲ့ လူမှုကွန်ရက်အထက်မှာ တစ်မဟုတ်ချင်းဆိုသလို ပျံ့နှံ့လို့သွားခဲ့ပြီး ၀မ်းသာဂုဏ်ပြုပေးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအနုပညာစုံတွဲဖြစ်တဲ့ Mark နဲ့ Kimmy တို့ ၂ ဦးဟာ ချစ်သူသက်တမ်း ၇ နှစ်မျှရှိနေပြီဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ သူတို့စုံတွဲကို အမြန်ဆုံးလက်ထပ်စေချင်နေကြတာ ဖြစ်ပါတယ်။ Mark နဲ့ Kimmy တို့ကတော့ သူတို့အနေနဲ့ လက်ထပ်ဖို့အတွက် အစီအစဉ်မရှိသေးပေမယ့် ရှေ့အနာဂတ်အတွက်တော့ ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်းကို ထုတ်ပြောပြခဲ့ဖူးပါတယ်။

သတို့သမီးလက်ကိုင်ပန်းစည်းရရှိတယ်ဆိုတာဟာ လက်ထပ်ရဖို့အတွက် ရှေ့ပြေးနိမိတ်ဖြစ်တယ်လို့ သတ်မှတ်ထားကြတဲ့အတွက် Kimmy တစ်ယောက် အခုလိုမျိုး တိုက်တိုက်ဆိုင်ဆိုင်ရရှိတာက မကြာခင်အချိန်အတွင်းမှာ သတင်းကောင်းကြားရဖို့အတွက် ဖြစ်နိုင်တယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။

Source : Mew'IG
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။