G-Dragon ကို ယောက်ဖအဖြစ်နဲ့ စတင်တွေ့ဆုံချိန်တုန်းက အနေရခက်ခဲ့တယ်ဆိုတဲ့ သရုပ်ဆောင် Kim Min Joon

Posted on - Jan 13 []

Mia Zin

စာရေးသူ

တကယ်လို့များ သင်ဟာ ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်နဲ့ ဆွေမျိုးတော်စပ်ခွင့်ရလာမယ်ဆိုရင် ဘယ်လိုများခံစားမိမယ်လို့ ထင်ပါသလဲ။ အထူးသဖြင့် ပထမဆုံးတွေ့ဆုံမှုမျိုးမှာပေါ့။ သေချာပေါက်ကတော့ ရင်ခုန်စိတ်လှုပ်ရှားမိမှာ အမှန်ပါပဲ။ ဒီလိုမျိုးခံစားချက်အကြောင်းကို သရုပ်ဆောင် Kim Min Joon က 'My Little Old Boy' ဆိုတဲ့ တီဗွီအစီအစဉ်မှာ ထုတ်ဖော်ပြောပြသွားခဲ့ပါတယ်။

အဆိုပါသရုပ်ဆောင် Kim Min Joon ကတော့ တခြားသူမဟုတ်ပဲ နာမည်ကြီးထိပ်တန်းဝါရင့် Idol တစ်ယောက်ဖြစ်တဲ့ G-Dragon ရဲ့ ယောက်ဖပဲ ဖြစ်ပါတယ်။ Kim Min Joon ဟာ G-Dragon ရဲ့ အစ်မဖြစ်သူ Kwon Da Mi နဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက လက်ထပ်ခဲ့တာဖြစ်ပြီး အဲဒီမင်္ဂလာပွဲကိုလည်း G-Dragon က တက်ရောက်ပေးခဲ့ပါတယ်။

Kim Min Joon ဟာ G-Dragon နဲ့ ပထမဆုံးစတင်တွေ့ဆုံစဉ်အချိန်တုန်းက အရမ်းကိုစိတ်လှုပ်ရှားပြီး အနေရလည်းခက်ခဲ့ကြောင်းကို အဆိုပါတီဗွီအစီအစဉ်မှာ ဖွင့်ဟ၀န်ခံပြောပြသွားခဲ့ပါတယ်။ " G-Dragon ကို စတွေ့ခဲ့ချိန်ကတော့ သူ ခွင့်ယူပြီး မိသားစုတွေ့ဆုံပွဲကို လာခဲ့ချိန်တုန်းကပါ။ အဲဒီတုန်းက အတော်လေးကို နေရခက်ခဲ့ပါတယ်။ စိတ်မသက်မသာဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပေါ့။ သူ့အတွက်ကတော့ ကျွန်တော်က ဇီဇာကြောင်တဲ့ ယောက်ဖတစ်ယောက်ပါပဲ" လို့ဆိုကာ သူ့အနေနဲ့ ခံစားမိခဲ့ပုံကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ G-Dragon က Kim Min Joon ကို ကော်ဖီလှည်းနဲ့ ဦးထုပ်တစ်လုံးလက်ဆောင်ပေးခဲ့ကာ ရင်းနှီးမှုရယူခဲ့ကြပြီး Kim Min Joon ကလည်း G-Dragon အတွက် လက်ဆောင်ပစ္စည်းပြန်ပြီး ၀ယ်ပေးခဲ့တယ်လို့ သိရပါတယ်။ ရင်းနှီးပြီးနောက်ပိုင်းမှာတော့ G-Dragon နဲ့ သူဟာ နေထိုင်မှုပုံစံချင်းတူညီတယ်ဆိုတာကို သိရှိလာခဲ့ပါတယ်လို့လည်း Kim Min Joon က ထပ်လောင်းပြောပြသွားခဲ့ပါသေးတယ်။

အခုလက်ရှိအချိန်မှာတော့ သူတို့တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုရှိတဲ့ မိသားစုဝင်တွေအဖြစ် နေထိုင်ကြလျှက်ရှိတယ်လို့ သိရပါတယ်။

Ref : Allkpop
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။