ဖာဂူဆန်ရဲ့ အိမ်တံခါးကို အကြောက်အလန့််မရှိသွားခေါက်ပြီး သူ့ကိုခေါ်ဖို့ ပြောခဲ့တဲ့ လူငယ်ကစားသမား

Posted on - Jan 15 []

Gunner Ksr

စာရေးသူ

အသက် (၁၈) နှစ်အရွယ် ချာတိတ်လေးတစ်ယောက်ဟာ ဘောလုံးလောကထွဋ်ခေါင်ဖာဂူဆန်ရဲ့ အိမ်တံခါးကို အကြောက်အလန့်မရှိ သွားခေါက်ပြီး သူ့ကိုခေါ်ဖို့ ခပ်ရဲရဲစကားပြောခဲ့တယ်ဆိုရင် ခင်ဗျား ယုံနိုင်မလား။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ (၁၀) နှစ်နီးပါးအကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မက်လောင်းစ်ဒဲဆိုတဲ့ လူငယ်ချာတိတ်လေးဟာ မာလာဂါလူငယ်အသင်းကနေ အင်္ဂလန်ကလပ်မက္ကာလာဖီးလ်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။

အင်္ဂလန်မှာ မက်လောင်းစ်ဒဲနေထိုင်တဲ့ Alderley Edge နဲ့ ဖာဂူဆန်နေထိုင်တဲ့ Wilmslow တို့ဟာ အလွန်နီးစပ်ပြီး (၂) မိနစ်သာ သွားရတဲ့ခရီးပါ။ တစ်ရက်မှာတော့ မက်လောင်းစ်ဒဲဟာ သူ့ဘ၀အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတော့တယ်။ အဲဒါကတော့ ဖာဂူဆန်နဲ့ သွားတွေ့ဖို့ပါပဲ။

မက်လောင်းစ်ဒဲဟာ သူဆုံးဖြတ်ထားတဲ့အတိုင်း နောက်ဆုံးမှာတော့ ဖာဂူဆန်ရဲ့ အိမ်တံခါးကို ခပ်ရဲရဲသွားခေါက်ခဲ့ပါတော့တယ်။ အဲဒီအကြောင်းကို မက်လောင်းစ်ဒဲက Sportbible ကို အခုလိုပဲ ပြန်လည်ဖွင့်ဟသွားခဲ့ပါတယ်။ "ကျွန်တော်နေတဲ့ Alderley Edge နဲ့ ဖာဂူဆန်နေထိုင်တဲ့ Wilmslow တို့ဟာ (၂) မိနစ်သာ သွားရတဲ့ခရီးပါ။ အဲဒီမှာ ကျွန်တော့်ရဲ့သူငယ်ချင်းတွေလည်း ရှိတယ်။

ကျွန်တော်စဉ်းစားမိတယ်။ 'ငါ့အနေနဲ့ ဗီဒီယိုကို သွားပေးဖို့ ကြိုးစားကြည့်သင့်တယ်'လို့။ အဲဒီနောက် သောကြာနေ့မှာ သူ့ရဲ့အိမ်တံခါးကို ကျွန်တော်သွားခေါက်ခဲ့တယ်။ အဲဒီမှာ သူ့(ဖာဂူဆန်)ရဲ့ဇနီးက ထွက်လာပြီး ကျွန်တော့်ကို အထဲဝင်ခွင့်ပေးတယ်။ အဲဒီအချိန်မှာ ဖာဂူဆန်ကတော့ မရှိပါဘူး။ သူ့မိန်းမက ကျွန်တော့်ကို 'ဒါက သူ့ရဲ့ဖုန်းနံပါတ်ပဲ။ မနက်ဖြန်ကျရင် သူ့ကိုဖုန်းဆက်လိုက်။ လက်ဖက်ရည်သောက်ချိန်လောက် သူပြန်လာလိမ့်မယ်'လို့ ပြောခဲ့တယ်။

နောက်နေ့ကျတော့ ကျွန်တော် သူ့ကိုဖုန်းပြောပြီး မနေ့က သူ့အိမ်ရောက်ခဲ့တဲ့အကြောင်း ပြောလိုက်တယ်။ ပထမဆုံးသူက 'မင်း ငါ့ဖုန်းနံပါတ်ကို ဘယ်လို သောက်နည်းလမ်းနဲ့ ရလာတာလဲ'လို့မေးတယ်။ ကျွန်တော် ဒေါသထွက်သွားပေမယ့် သေချာအေးအေးဆေးဆေး ရှင်းပြခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော်သူ့အိမ်ကို သွားပြီး ကျွန်တော့်ရဲ့ခြေစွမ်းဗီဒီယိုကို ပေးခဲ့တယ်။ နောက်ပြီး သူ့ကို ကျွန်တော့်ရဲ့ကစားသမားဘ၀အကြောင်း၊ ဒဏ်ရာအကြောင်း တွေပြောဖြစ်တယ်။ နောက် (၃) ရက်လောက်ကြာတော့ မန်ယူအသင်းနည်းပြအဖွဲ့က ခြေစွမ်းစမ်းသပ်ခံဖို့ ဖုန်းဆက်ပြီး ပြောလာခဲ့တယ်"လို့ မက်လောင်းစ်ဒဲက ဖွင့်ဟခဲ့ပါတယ်။

အဲဒီနောက် မက်လောင်းစ်ဒဲဟာ မန်ယူအသင်းနဲ့ (၂) ပတ်ခန့်ခြေစွမ်းစမ်းသပ်ခံရင် မန်ယူအရန်အသင်းပွဲစဉ်တွေမှာလည်း ပါဝင်ကစားခဲ့တယ်လို့ သိရပါတယ်။ ဘာပဲပြောပြော ဖာဂူဆန်ရဲ့အိမ်တံခါးကို မကြောက်မရွံ့သွားခေါက်ပြီး ခပ်ရဲရဲ စကားပြောဆိုခဲ့တဲ့ မက်လောင်းစ်ဒဲရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပဲလို့ ဆိုရမှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။