အံ့ဖွယ်အလုပ်ကို ရထားလို့ မန်စီးတီးနဲ့ လီဗာပူးတို့ကို မနာလိုမဖြစ်ဘူးလို့ မော်ရင်ညို ဖွင့်ဟ

Posted on - Jan 15 []

Gunner Ksr

စာရေးသူ

စပါးနည်းပြမော်ရင်ညိုက သူ့အနေနဲ့ အံ့အားသင့်ဖွယ်ကောင်းတဲ့အလုပ်ကို ရရှိထားလို့ မန်စီးတီး ဒါမှမဟုတ် လီဗာပူးတို့ကို မနာလိုမဖြစ်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။ စပါးအသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာများစွာနဲ့ ရင်ဆိုင်နေရတာပါ။ အသင်းခေါင်းဆောင်ဟယ်ရီကိန်းကို ကာလရှည်လက်လွတ်ရတော့မှာဖြစ်သလို အဓိကကွင်းလယ်လူအဲရစ်ဆင်ကတော့ အင်တာမီလန်ကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် ဟူဂိုလောရစ်၊ ဗန်ဒေးဗီးလ်၊ ဆစ်ခိုကို၊ အမ်ဒွန်ဘီလီတို့ဟာလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရလျက်ရှိနေပါတယ်။ ဒါကြောင့် မော်ရင်ညိုက ဒီအချိန်ဟာ ပေါ်တိုအသင်းကို ကိုင်တွယ်ပြီးနောက်ပိုင်း သူ့ရဲ့နည်းပြဘ၀ အခက်ခဲဆုံးအချိန်ကို ရောက်နေတယ်လို့ ၀န်ခံသွားခဲ့ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ သူ့အသင်းနဲ့မတူဘဲ အရန်အင်အားတောင့်တင်းလွန်းတဲ့အသင်းတွေဖြစ်ကြောင်း၊ ဒါပေမဲ့ အံ့အားသင့်ဖွယ်အလုပ်ကို ရထားလို့ သူတို့ကို မနာလိုမဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

"ကျွန်တော်တို့မှာ တခြားအသင်းတွေလို လူအင်အားမျိုး ရှိမနေပါဘူး။ မနေ့က မန်စီးတီးပွဲကို ကျွန်တော်ကြည့်ခဲ့တယ်။ မန်စီးတီးအရန်ခုံမှာ စတာလင်၊ ဘာနာဒိုဆေးလ်ဗား၊ ဂန်ဒိုဂန်နဲ့ အော်တာမန်ဒီတို့ကို တွေ့ခဲ့ရတယ်။ လီဗာပူးကို ကြည့်လိုက်ရင်လည်း သူတို့ရဲ့ အရန်အင်အားတောင့်တင်းတာ တွေ့ရလိမ့်မယ်။ ဒါတောင် သူတို့မှာ မာတစ်၊ လိုဗရန်၊ ကီတာနဲ့ ဖာဘင်ညိုတို့ ဒဏ်ရာရနေတာ။ ကျွန်တော် အဲဒီအသင်းတွေကို မနာလိုမဖြစ်ပါဘူး။ ကျွန်တော့်မှာ အံ့အားသင့်ဖွယ်ကောင်းတဲ့အလုပ်ရှိပြီးသားလေ။ ဒါပေမဲ့ သူတို့နဲ့တော့ ခြားနားတာပေါ့"လို့ မော်ရင်ညိုက ပြောဆိုသွားခဲ့တာပါ။

ဆက်လက်ပြီး မော်ရင်ညိုဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်ပေါ်နေတဲ့ အဲရစ်ဆင်နဲ့ ပတ်သက်ပြီးလည်း အခုလို ပြောကြားသွားခဲ့ပါတယ်။ "လွန်ခဲ့တဲ့ (၄) နှစ်က အဲရစ်ဆင်နဲ့ အခုအဲရစ်ဆင်နဲ့ကို ခင်ဗျားတို့က နှိုင်းယှဉ်ချင်တာလား။ ဒါဆို နှိုင်းယှဉ်ရတာ လွယ်ပါတယ်။ လွန်ခဲ့တဲ့ (၄) နှစ်တုန်းက သူ့ရဲ့စာချုပ်က (၄) နှစ်သက်တမ်းရှိပြီး လက်ရှိအချိန်မှာတော့ (၆) လပဲ ကျန်ပါတော့တယ်"လို့ မော်ရင်ညိုက ခပ်ထေ့ထေ့ ပြောဆိုသွားခဲ့တာပါ။

Ref: Dailymail

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။