(၃) နှစ်ပြည့်သွားတဲ့ ခေတ်နဲ့သစ်အတွက် မေတ္တာတွေအပြည့်နဲ့ရေးသားထားတဲ့ ချစ်သုဝေရဲ့ စာတစ်စောင်

Posted on - Jan 20 []

Rowena

စာရေးသူ

နိုင်ငံကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ချစ်သုဝေနဲ့ လင်းလင်းက ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်နဲ့အတူတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဇန်နဝါရီလ (၁၉) ရက်နေ့ကတော့ သမီးလေး မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ (၃) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ချစ်သုဝေက သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ရဲ့ မွေးနေ့အမှတ်တရအဖြစ် ဒီစာလေးကို ရေးသားထားပါတယ်။

"သမီး​လေးတို့​ရေ ... ​ဖြည်းဖြည်း​လေးကြီးပြင်းပါ​လေ။ သမီး​လေးတို့နဲ့ပတ်သက်သမျှ​သော အချိန်တိုင်းဟာ ​မေ​မေ​မေ့အတွက်​တော့ တန်ဖိုးဖြတ်မရတဲ့အချိန်​တွေ ​မေ​မေ အမြဲမက်​မော​တောင့်တ​နေမယ့်​​ နေ့စွဲ​တွေချည်းပါပဲ။ ကိုယ်ဝန်​ဆောင်တုန်း,၊ မီးဖွားတုန်း၊ နို့စို့​နေတုန်းအရွယ်​လေးက​နေ.. ငုတ်တုတ်​လေးထိုင်၊ သွား​လေး​ပေါက်၊ လမ်း​လေး​လျောက်လို့၊ ခုစကား​တွေတီတီတာတာ​ပြော တဲ့အရွယ်​ရောက်ပြီ။"

"​ခြေလက်​လေး​တွေယက်ကန် ​မေ​မေ့မျက်နှာ​လေးကို စမ်းတတ်တဲ့အရွယ်က​နေ ခု my mommy လို့တစ်ဖွဖွ​ပြောပြီး ​မေ​မေ့လက်လေး​တွေ၊ ပခုံး​လေး​တွေ၊ နဖူး​လေး​တွေ၊ ပါး​လေး​တွေကို နမ်းတတ်​​နေပြီ။ ​(မေ​မေက​တော့ ​မွေးကတည်းက ခုထိ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါ နမ်း​နေမိလဲ​တောင် မသိ​တော့ပါဘူး) အကျီ ​လေး​တွေ​ရွေး​ပေးဆင်​ပေးရတဲ့ အရွယ်က​နေ သမီး​လေးတို့ဝတ်ချင်တာ​တွေကို​​ရွေးတတ် ကိုယ့်ဘာသာကိုယ်ဝတ်တတ်တဲ့အရွယ်​ရောက်လာပြီ။"

"က​လေးတစ်​ယောက်ကြီးပြင်းဖို့ ပြုစု​စောင့်​ရှောက်ရတာ စိတ်​ရော၊ လူ​ရော သိပ်ပင်းပမ်းတယ်သမီး​လေးတို့​ရေ။ တစ်ခါခါ တစ်​ယောက်တည်း ထွက်​ပြေးချင်စိတ်​တွေ​ ​​ပေါ်လာတာ​တွေ၊ ချုံးပွဲချငိုမိတာ​တွေ,၊ ဘာ​တွေကို ဘယ်လိုကိုင်တွယ်ရမှန်းမသိ။ လမ်း​ပျောက်တာ​တွေ၊ အိပ်ပျက်ည​တွေ၊ သမီး​လေးတို့​နေမ​ကောင်းရင် ကမ္ဘာပျက်သလိုဖြစ်ရတဲ့အချိန်​တွေ၊ တခါခါ စိတ်မရှည်မိတာ​တွေ၊ ညည်းမိတာ​တွေ၊ ​လေသံမာမာနဲ့​ ဆိုဆုံးမရတာ​တွေအတွက် မေ​မေ့ကို ခွင့်လွှတ်ပါ က​လေး​လေး​တွေရယ်​နော်"

"သြော် အ​မေတစ်​ယောက် ဖြတ်သန်းရတာ​တွေဟာ အ​တော်ကိုမလွယ်ကူတဲ့အရာ​တွေပဲ သမီး​လေး​တွေ​ရေ။ ဒါ​ပေမယ့်​လေ ​မေ​မေတို့ အ​မေ​တွေဟာအဆန်းသား။ အဲ့လိုစိတ်​တွေရဲ့တစ်ဖက်မှာလည်း တစ်ဘဝလုံး နစ်မြှုပ်ထားရတာကို ​ကျေနပ်ပီတိဖြစ်သလို၊ သမီး​လေးတို့ရဲ့ ရယ်သံ​လေးဟာ၊ အပြုံး​လေးဟာ၊ အနမ်း​လေး​တွေဟာ ဘယ်အရာနဲ့မှ ယှဉ်မရတဲ့ အ​ပျော်​တွေ, ခွန်အား​တွေဖြစ်​နေပြန်တယ်။ ​ကျေးဇူးပါသမီး​လေး​တွေ သမီး​လေး​တွေ​ကြောင့် မေ​မေဟာ ပိုမို​ကောင်းမွန်တဲ့ လူဖြစ်ဖို့ကိုပဲ အဖက်ဖက်ကအားထုတ်တတ်လာတယ်။"

"​မေ​မေ့သမီး​လေး​တွေကို မပင်ပမ်း​စေချင်​တော့ ဒီ​မေ​မေနဲ့ ဒီ​ဖေ​ဖေဟာရုန်း​နေဦးမှာပဲ။ သမီး​လေး​တွေကြီးလာလို့ ဘယ်အရွယ်​လေးကို ပြန်ကြည့်ကြည့် ​မေ​မေဟာ သမီး​လေးတို့ရဲ့ ရုပ်နာမ်နှစ်မျိုးလုံးမှာ အတူရှိ​ပေး​နေမယ်​နော်❤" ဆိုပြီး ပြောထားပါတယ်။

ချစ်သုဝေက သမီးလေးတွေနဲ့ ပက်သတ်ရင် ဘာမဆို ရင်ဆိုင်ရဲတဲ့ သူရဲကောင်းမေမေပါပဲ။ ချစ်သုဝေရဲ့ စာလေးကိုဖတ်ပြီး မေမေတွေရဲ့ နှလုံးသားလေးကို တွေ့မြင်လိုက်ရပြီး မျက်ရည်တောင် ဝဲမိပါတယ်။

Rowena
Source: Chit Thu Wai's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။