'Crash Landing on You' ဇာတ်လမ်းတွဲရဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်စေမယ့် သတင်းတစ်ခု

Posted on - Jan 20 []

Mia Zin

စာရေးသူ

လတ်တလောကိုရီးယားဒရမ်မာကြိုက် ပရိသတ်တွေအကြားမှာ လူကြိုက်များစိတ်ဝင်စားနေတဲ့ ဇာတ်လမ်းတွဲကတော့ လက်ရှိမှာ ထုတ်လွှင့်ပြသလျှက်ရှိတဲ့ 'Crash Landing on You' ဆိုတဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာဆိုရင် လက်ရှိတောင်ကိုရီးယားနိုင်ငံအတွင်းမှာသာမက နိုင်ငံတကာမှာပါ ကြည့်ရှုနှုန်းမြင့်မားနေတာဖြစ်ပြီး အခုနောက်ဆုံးရရှိထားတဲ့ ကြည့်ရှုနှုန်းဟာဆိုရင်လည်း စံချိန်တင်ရလောက်အောင် မြင့်မားလျှက်ရှိပါတယ်။

AGB Nielsen ရဲ့ ထုတ်ပြန်ချက်အရဆိုရင် မနေ့တုန်းက ထုတ်လွှင့်ပြသခဲ့တဲ့ အပိုင်း ၁၀ ရဲ့ ကြည့်ရှုနှုန်းဟာ တောင်ကိုရီးယားနိုင်ငံအတွင်းမှာ ၁၄.၆၃၃ ရာခိုင်နှုန်းရှိပြီး ဆိုးလ်မြို့တစ်မြို့တည်းရဲ့ ကြည့်ရှုသူနှုန်းကတော့ ၁၅.၉၀၃ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

အဲဒီအပိုင်း ၁၀ မှာဆိုရင် မြောက်ကိုရီးယားနိုင်ငံက ဗိုလ်ကြီး Ri Junghyuk ဟာ တောင်ကိုရီးယားနိုင်ငံကို လာရောက်ပြီး Yoon Seri နဲ့ ပြန်လည်ဆုံတွေ့တဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီးသရုပ်ဆောင်မင်းသားတစ်လက်ဖြစ်တဲ့ Kim Soo Hyun ဟာဆိုရင်လည်း ဒီအပိုင်းမှာ အထူးဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ဒီလိုမျိုးကြည့်ရှုနှုန်းတွေမြင့်မားတယ်ဆိုပေမယ့်ငြားလည်း အခုတစ်ပတ်မှာတော့ ဒီဇာတ်လမ်းတွဲရဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းစရာသတင်းတစ်ခု ထွက်ရှိလို့လာပါတယ်။ အဲဒါကတော့ တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့် အခုလာမယ့်အပတ် ဇန်န၀ါရီလ ၂၅ နဲ့ ၂၆ ရက်နေ့မှာ အပိုင်းအသစ်ကို ထုတ်လွှင့်ပြသခြင်းရှိမှာ မဟုတ်ဘူးဆိုတာပါပဲ။

အဲဒီအစား အပိုင်း ၁၁ နဲ့ ၁၂ ကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ထုတ်လွှင့်ပြသသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ ဇာတ်လမ်းတွဲဟာ လက်ရှိမှာ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းတွေကို ရောက်ရှိနေတာကြောင့် ဒီသတင်းဟာ ပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်စရာ၊ စိတ်အလိုမကျဖြစ်စေတဲ့ သတင်းတစ်ခုဖြစ်တယ်ဆိုသော်ငြားလည်း ကြည့်ရှုနှန်းတွေက စံချိန်တင်နေတယ်ဆိုတာကတော့ သတင်းကောင်းတစ်ခုဖြစ်တယ်လို့ ဆိုလို့ရပါတယ်။

မင်းသားကြီး Hyun Bin နဲ့ မင်းသမီးကြီး Son Ye Jin တို့ လိုက်ဖက်ညီစွာပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းတွဲကို အပတ်တိုင်းလိုလိုစောင့်ကြည့်အားပေးနေကြတဲ့ ပရိသတ်တွေများရှိကြသလားဗျို့။

Ref : KStarlive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။