အထက်တန်းကျောင်းတုန်းက Lee Min Ho ထက်ပိုပြီး သူက နာမည်ပိုကြီးကြောင်း ဖွင့်ဟခဲ့တဲ့ Jung Il Woo

Posted on - Jan 21 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ Lee Min Ho နဲ့ Jung Il Woo တို့ ၂ ယောက်ဟာဆိုရင် အနုပညာလောကထဲကို မရောက်ရှိခင်အချိန် အထက်တန်းကျောင်းသားဘ၀ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ခင်မင်ရင်းနှီးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ ၂ ဦးဟာ သူတို့ရဲ့ အထက်တန်းကျောင်းသားဘ၀နဲ့ ပတ်သတ်တဲ့ အမှတ်တရတွေအကြောင်းကို အလျဉ်းသင့်ရင်သင့်သလို ပြောပြခဲ့ကြလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထုတ်လွှင့်ပြသခဲ့တဲ့ 'Fun Restaurant' မှာလည်း Jung Il Woo က သူနဲ့ သူငယ်ချင်းဖြစ်သူ Lee Min Ho တို့အကြောင်းကို ပြောပြခဲပါသေးတယ်။ Jung Il Woo ရဲ့ပြောပြချက်အရတော့ သူတို့ ၂ ဦးလုံးဟာ ကျောင်းသားဘ၀ကတည်းက ကျောင်းသူမိန်းကလေးတွေအကြားမှာ နာမည်ကြီးကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

"ကျွန်တော် အထက်တန်းကျောင်းသားဘ၀တုန်းက ကျောင်းပတ်ဝန်းကျင်မှာ နာမည်ကြီးတဲ့သူ ၂ ယောက်ရှိတယ်ဗျ။ အဲဒီလူ ၂ ယောက်ကတော့ ကျွန်တော်နဲ့ Min Ho ပါပဲ" လို့ဆိုကာ အရွှန်းဖောက်တဲ့ပုံစံမျိုးနဲ့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး Jung Il Woo က "ကျွန်တော်နဲ့ Min Ho စပြီးတွေ့ဆုံခဲ့တာက ကျောင်းပွဲတော်တစ်ခုမှာဗျ။ အဲဒီအချိန်တုန်းကတည်းက သူ့ရဲ့ပုံစံက လူအများကြားထဲမှာ ထင်းလင်းနေတာမျိုးပေါ့ဗျာ။ သူ့အနားမှာလည်း ကျောင်းသူတွေဆိုတာ ပတ်ပတ်လည်ပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အမြင်အာရုံထဲကို ၀င်လာတဲ့သူကတော့ သူတစ်ယောက်တည်းပါပဲ" လို့ဆိုကာ သူငယ်ချင်းဖြစ်သူနဲ့ သူနဲ့ စတင်တွေ့ဆုံခဲ့ပုံကို ပြောပြခဲ့ပါတယ်။

"ကျွန်တော်တို့ ၂ ယောက်လုံးရဲ့ အိပ်မက်က သရုပ်ဆောင်တွေအဖြစ် ပွဲထွက်နိုင်ဖို့ပဲ။ ဒီတော့ စစတွေ့ကတည်းက သူနဲ့ကျွန်တော်က တော်တော်ကြီးကိုခင်မင်ခဲ့ကြတာပေါ့။ ဒီနေ့အချိန်ထိလည်း အရမ်းကိုရင်းနှီးကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပါပဲ" လို့လည်း သူငယ်ချင်းဖြစ်သူနဲ့ ခင်မင်မှုပုံစံကို ဖွင့်ဟပြောခဲ့တာကို တွေ့ရပါတယ်။

အဲဒီနောက်မှာတော့ ရိုက်ကူးရေးတာဝန်ရှိသူတွေက Jung Il Woo ကို သူနဲ့ Lee Min Ho ယှဉ်ရင် အဲဒီအချိန်တုန်းက ဘယ်သူက ပိုပြီးနာမည်ကြီးသလဲလို့ မေးမြန်းခဲ့ရာ Jung Il Woo က ဒီမေးခွန်းကိုကြားတာနဲ့ ရယ်မောပြီး "အဲဒီအချိန်တုန်းကတော့ ကျွန်တော်က နည်းနည်းပိုပြီးနာမည်ကြီးတာပေါ့" လို့ဆိုကာ ဖြေကြားခဲ့ပါတယ်။ အထက်တန်းကျောင်းသားဘ၀ကတည်းက ဒီနေ့အချိန်ထိ ခင်မင်မှု မပျက်ယွင်းကြတဲ့ Jung Il Woo နဲ့ Lee Min Ho တို့ သူငယ်ချင်း ၂ ယောက်ရဲ့ သံယောဇဉ်ကတော့ အားကျစရာပါပဲနော်။

Ref : SBS Star
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။