အမျိုးသမီးတိုင်း လိုက်နာလုပ်ဆောင်သင့်တဲ့ အလှအပဆိုင်ရာ အခြေခံနည်းလမ်း (၅) သွယ်

Posted on - Feb 7 []

Mia Zin

စာရေးသူ

မိန်းမရယ်လို့ ဖြစ်လာပြီဆိုရင် အလှအပကို ကြိုက်နှစ်သက်တယ်ဆိုတာ သဘာဝပါပဲ။ အလှမကြိုက်ပါဘူးလို့ ခံယူထားတဲ့ အမျိုးသမီးတွေတောင်မှ အနည်းဆုံးကြည့်ကောင်းသပ်ရပ်အောင် ပြင်ဆင်ကြလေ့ရှိပါတယ်။ ပြင်ဆင်တယ်ဆိုရာမှာ မျက်နှာပိုင်းပြင်ဆင်ခြယ်သမှုသာမက ကိုယ်ခန္ဓာပိုင်းဆိုင်ရာကိုလည်း သန့်ရှင်းစွာနဲ့နေထိုင်ပြင်ဆင်သင့်ပါတယ်။ ဒါကြောင့် အလှကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မိန်းမတစ်ယောက်မွေးဖွားလာကြသူတွေတိုင်း လိုက်နာလုပ်ဆောင်သင့်တဲ့ အလှအပဆိုင်ရာ အခြေခံနည်းလမ်း (၅) သွယ်ကို စုစည်းတင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

(၁) တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေးပေးဆောင်ရွက်ပါ။

လူရယ်လို့ဖြစ်လာပြီဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှုကို သေချာဂရုတစိုက်ပြုလုပ်သင့်တယ်ဆိုတာ လူတိုင်းအသိပါပဲ။ ဒါပေမယ့် အမျိုးသမီးတွေကတော့ မိမိရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပိုပြီးဂရုတစိုက်နဲ့ သန့်ရှင်းမှုပြုလုပ်သင့်ပါတယ်။ ဥပမာပြောရရင် ရာသီစက်ဝန်းဖြစ်ပေါ်နေချိန်မှာ တစ်ခါသုံးဂွမ်းထုပ်တွေကို ၄ နာရီခြားတစ်ခါလဲလှယ်ပေးတာမျိုး၊ မိမိရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းကို ဆပ်ပြာနဲ့မဟုတ်ပဲ နူးညံ့စွာဆေးကြောတာမျိုး၊ ခြောက်သွေ့သန့်ရှင်းတဲ့ အတွင်းခံကိုပဲ ၀တ်ဆင်တာမျိုး စသဖြင့်သောအရာတွေဟာ သတိမထားမိတဲ့အရာတွေဖြစ်ပေမယ့်လည်း ဂရုတစိုက်နဲ့လုပ်ဆောင်သင့်တာတွေ ဖြစ်ပါတယ်။

(၂) ဆံပင်ကို သေချာထိန်းသိမ်းပါ။

ဆံပင်ဆိုတာက လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုတာကို သင်တို့တွေကိုယ်တိုင် လက်ခံထားပြီးဖြစ်ကြမှာပါ။ ဒါပေမယ့်လည်း လူအတော်များများဟာ တခြားသောကိုယ်အဂါင်္အစိတ်အပိုင်းတွေကို အလေးထားပြီးထိန်းသိမ်းပြင်ဆင်လေ့ရှိတာကြောင့် ဆံပင်ကိုပြုပြင်ထိန်းသိမ်းတာနဲ့ပတ်သတ်ပြီး မေ့လျော့နေတတ်ကြလေ့ရှိပါတယ်။ မိန်းကလေးတွေ အတော်များများဆံပင်ကို အရောင်ဆိုးပြီးပြီဆိုရင် ဒီအတိုင်းပစ်ထားလိုက်တတ်တာကြောင့် ဆံသားပျက်စီးမှုတွေကို ရင်ဆိုင်ကြရလေ့ရှိပါတယ်။ ဒါကြောင့် ဆံပင်ကို မိမိတို့စိတ်ကြိုက်ပြင်ဆင်ပြီးပြီဆိုရင် တစ်ပတ်ကို အနည်းဆုံးတစ်ခါလောက် ပေါင်းတင်တာပဲဖြစ်ဖြစ် ပြုလုပ်ပေးသင့်ပါတယ်နော်။

(၃) Sunscreen အမြဲတမ်းလိမ်းပါ။

အလှကုန်ပစ္စည်းနဲ့ပတ်သတ်ပြီး မေ့လျော့ခံရတဲ့အရာကတော့ Sunscreen ပါပဲ။ အခုဆိုရင် အိုဇုန်းလွှာပေါက်ကွဲမှုကြောင့် ကမ္ဘာကြီးရဲ့အပူရှိန်ဟာ တစ်နေ့တစ်ခြားမြင့်တက်လို့လာနေတယ်ဆိုတာကို သိကြမှာပါ။ ဒါကြောင့် နေရောင်အောက်မှာ လှုပ်ရှားသွားလာနေကြတဲ့ အမျိုးသမီးတွေအနေနဲ့ အသားအရည်ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်ဖို့ အပြင်ထွက်တဲ့အခါမှာ Sunscreen ကို မဖြစ်မနေ အမြဲတမ်းသုံးစွဲသင့်ပါတယ်။

(၄) မိမိနဲ့လိုက်ဖက်တဲ့ မိတ်ကပ်ဖောင်ဒေးရှင်းကို ရွေးချယ်ပါ။

မိတ်ကပ်ဖောင်ဒေးရှင်းကတော့ မိန်းကလေးတွေအတော်များများ ရွေးရခက်တဲ့အရာပါပဲ။ ဈေးကြီးပေးဝယ်ပြီးမှ မိမိအသားအရည်နဲ့ မလိုက်ဖက်တဲ့ ဖောင်ဒေးရှင်းဝယ်မိမယ်ဆိုရင် ဘာမှလုပ်လို့မရတော့ဘူးလေ။ ဒါကြောင့် အကောင်းဆုံးနည်းလမ်းက မိမိရဲ့အသားအရည်နဲ့ လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းအရောင်ကို ရွေးချယ်တတ်ဖို့လေ့လာထားသင့်ပါတယ်။ တကယ်လို့ ဘယ်လိုဖောင်ဒေးရှင်းက မိမိရဲ့အသားအရည်နဲ့ လိုက်ဖက်တယ်ဆိုတာကို မသိဘူးဆိုရင်တော့ ကျွမ်းကျင်သူတွေကို မေးမြန်းပြီးပဲ ၀ယ်ယူသုံးစွဲသင့်ပါတယ်နော်။

(၅) အစားအသောက်နဲ့ ပတ်သတ်ပြီး ဂရုတစိုက်ရှိပေးပါ။

သင်စားသုံးလိုက်တဲ့ အစားအသောက်မှန်သမျှက သင့်ရဲ့ကိုယ်ခန္ဓာကျန်းမာရေးကို သက်ရောက်မှုရှိစေတယ်ဆိုတာ သတိထားပေးပါ။ တကယ်လို့များ သင်ဟာ ကိုယ်အလေးချိန်ကျဆင်းအောင် ကြိုးစားနေတဲ့အချိန်မျိုးမှာဆိုရင် အစားအသောက်နဲ့ပတ်သတ်ပြီး ပိုမိုသတိထားသင့်ပါတယ်နော်။

Ref : Evewoman
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။