အော်စကာဆု (၄) ဆုကို သိမ်းပိုက်ရယူသွားနိုင်ခဲ့တဲ့ "Parasite" ရုပ်ရှင်ဇာတ်ကားအကြောင်း တစေ့တစောင်း

Posted on - Feb 11 []

Mia Zin

စာရေးသူ

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနေ့တုန်းက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Dolby Theatre မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၉၂ ကြိမ်မြောက် အော်စကာရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ ဆုအရေအတွက်အများဆုံးကို သိမ်းပိုက်ရယူသွားခဲ့တဲ့ ဇာတ်ကားကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ "Parasite" ပဲ ဖြစ်ပါတယ်။

အကောင်းဆုံးမူရင်းဇာတ်ညွှန်းဆု၊ အကောင်းဆုံးနိုင်ငံခြားစကားပြောရုပ်ရှင်ဆုနဲ့ အကောင်းဆုံးဇာတ်ကားဆုတို့အပြင် ဇာတ်ကားကို ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ကလည်း ဒီဇာတ်ကားနဲ့ပဲ အကောင်းဆုံးဒါရိုက်တာဆုကို ရရှိသွားခဲ့တာကြောင့် ဒီနှစ်အော်စကာဟာ "Parasite" အတွက်ဖြစ်တယ်လို့တောင် ပရိသတ်တွေအကြားမှာ အပြောများခဲ့ပါတယ်။

ဒါရိုက်တာ Bong Joon Ho ဟာဆိုရင် နာမည်ကြီးကိုရီးယားရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ Memories of Murder, The Host အစရှိတဲ့ ဇာတ်ကားတွေကို ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပြီး သူ့အတွက် အအောင်မြင်ဆုံးဇာတ်ကားကတော့ "Parasite" လို့ပဲဆိုရမှာပါ။ "Parasite" ဟာ အော်စကာဆုတွေရရှိခဲ့ယုံတင်မကပဲ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ကိုလည်း ရရှိခဲ့တာဖြစ်ပြီး အဲဒီဆုကိုရရှိခဲ့တဲ့ ပထမဆုံးသော ကိုရီးယားဇာတ်ကားလည်းဖြစ်ပါသေးတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံမှာ ရုံတင်ပြသခဲ့လို့ပြီးသွားပြီဆိုပေမယ့်လည်း မကြည့်ရှုသေးတဲ့ ပရိသတ်တွေလည်းရှိသေးတာကြောင့် ဇာတ်ကားရဲ့အကျဉ်းချုပ်နဲ့ ဇာတ်ကားအကြောင်းတစေ့တစောင်းကို စုစည်းတင်ဆက်လို့ဖော်ပြပေးချင်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကတော့ Song Kang Ho, Lee Sun Kyun, Cho Yeo Jeong, Choi Woo Shik, Park So Dam, Lee Jung Eun တို့ဖြစ်ကြပြီး မင်းသား Park Seo Jun ကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ်နဲ့ ပါဝင်ထားပါတယ်။

ဇာတ်လမ်းပုံစံကတော့ ဆင်းရဲသားရပ်ကွက်က မြေအောက်တိုက်ခန်းမှာ နေထိုင်ကြတဲ့ Ki မိသားစု ၄ ယောက်လုံးဟာ အလုပ်လက်မဲ့တွေဖြစ်ကြပြီး ပီဇာဘူးခွံတွေခေါက်ရင်းနဲ့ပဲ ဘ၀ကိုပင်ပန်းခက်ခဲစွာနဲ့ ဖြတ်သန်းနေကြရသူတွေ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သားဖြစ်သူ Ki Woo ရဲ့ သူငယ်ချင်း Min က နိုင်ငံခြားမှာကျောင်းသွားတက်ရမှာဖြစ်တဲ့အတွက် သူ့အစားကျောင်းသူလေးတစ်ယောက်ကို ဂိုက်ပြပေးဖို့အတွက် Ki Woo ကို အကူအညီတောင်းခဲ့ပါတယ်။

အဲဒီအခါမှာတော့ Ki Woo ဟာ Min ရဲ့ ထောက်ခံမှုနဲ့ လူကုံထံမိသားစုတစ်စုရဲ့သမီးလေးကို စာသင်ပေးရင်းနဲ့ ထိုလူကုံထံမိသားစုနဲ့ ရင်းနှီးလာခဲ့ပြီး မိသားစုရဲ့ သားအငယ်လေးက ပန်းချီဆွဲဝါဿနာပါတာကို သိသွားပါတော့တယ်။ ဒီအခါမှာတော့ Ki Woo က ထိုကလေးအတွက် နိုင်ငံခြားပြန်ဆရာမတစ်ယောက်ကို မိတ်ဆက်ပေးမယ်လို့ဆိုကာ သူရဲ့ အလုပ်လက်မဲ့ ညီမလေးကို အလုပ်ရအောင်ကြံစည်ပေးလိုက်ပါတယ်။

ဆက်လက်ပြီး အလုပ်လက်မဲ့ဖခင်ဖြစ်သူအတွက်ကိုလည်း ထိုအိမ်မှာ ကားမောင်းသူအဖြစ်နဲ့ အလုပ်ရအောင် မောင်နှမကြံစည်ကြိုးစားပေးခဲ့ကြကာ အဲဒီနောက်မှာတော့ မိခင်ဖြစ်သူကလည်း အိမ်ဖော်အနေနဲ့ ထိုအိမ်ကိုဝင်ရောက်ခဲ့ပါတယ်။ သူတို့ မိသားစု ၄ ယောက်လုံး ဇာတ်လမ်းတွေဆင်ပြီး ထိုသူဌေးအိမ်ကို ၀င်ရောက်ပြီးတစ်နေ့မှာတော့ သူဌေးတို့မိသားစုတစ်စုလုံးက ခရီးထွက်သွားကြပြီး သူဌေးမိသားစုကလည်း အိမ်အကူဖြစ်သူ မိခင်ဆီမှာ အိမ်ကို ယုံယုံကြည်ကြည်နဲ့ အပ်ထားခဲ့ပါတော့တယ်။

သူဌေးတို့မိသားစု ခရီးထွက်နေချိန်မှာတော့ ဘ၀တစ်လျှောက်လုံးနီးပါးကို မြေအောက်တိုက်ခန်းမှာ နေထိုင်ခဲ့ကြရတဲ့ Ki မိသားစုတစ်စုလုံးဟာ သူဌေးအိမ်မှာ ပျော်ပျော်ပါးပါး စိတ်ကြိုက်နေပါတော့တယ်။ ဒီလိုမျိုးနေနေတဲ့အချိန် မိုးတွေသဲသဲမဲမဲရွာနေတဲ့နေ့တစ်နေ့မှာတော့ အိမ်အကူဟောင်းအမျိုးသမီးက မျက်နှာမှာဒဏ်ရာတွေနဲ့ ရုတ်တရက်ရောက်လာပြီး သူမ ကျန်ရှိခဲ့တဲ့ပစ္စည်းလေးတစ်ခုရှိလို့ဆိုကာ တံခါးဖွင့်ခိုင်းပါတယ်။

အဲဒါကို Ki Woo ရဲ့ မိခင်ဖြစ်သူ အိမ်အကူက တံခါးဖွင့်ပေးလိုက်တဲ့အခါမှာတော့ အိမ်အကူဟောင်းအမျိုးသမီးက ပြာပြာသလဲနဲ့ စတိုခန်းထဲပြေးဝင်ပြီး ဘယ်သူမှမသိတဲ့ လျှို့ဝှက်မြေအောက်ခန်းထဲကို ပြေးဆင်းသွားပါတော့တယ်။ အဲဒီအမျိုးသမီး ပြေးဆင်းသွားတဲ့ မြေအောက်ခန်းထဲမှာ ဘာရှိသလဲ။ ဘာဖြစ်လို့ အလျင်စလိုနဲ့ ပြေးဆင်းသွားရတာလဲ၊ လူကုံထံမိသားစုကရော လျှို့ဝှက်ချက်တွေရှိနေသလား အစရှိတဲ့အတွေးတွေ၊ ခံစားမှုတွေကတော့ ပရိသတ်တွေကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားရဲ့လှည့်ကွက်တွေပါပဲ။

ဒီဇာတ်ကားဟာ သာမန်ကိုရီးယားဇာတ်ကားတွေမှာ တွေ့မြင်ရခဲတဲ့ တောင်ကိုရီးယားနိုင်င်္ငက ဆင်းရဲသားတွေရဲ့ လူနေမှုဘ၀ကို လူကုံထံတွေရဲ့နေထိုင်မှုပုံစံနဲ့ နှိုင်းယှဉ်ပြကာ ကွက်ကွက်ကွင်းကွင်းမြင်တွေ့အောင် ရိုက်ကူးထားပြီး မထင်မှတ်ထားတဲ့ ဇာတ်လမ်းလှည့်ကွက်တွေ၊ သည်းထိတ်ဖိုဇာတ်လမ်းဇာတ်ကွက်တွေလည်း ပါဝင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

အခက်အခဲနဲ့ ကြုံတွေ့လာရချိန်မှာ ဖြစ်ပေါ်လာတဲ့ လူတွေရဲ့သဘောသဘာဝကိုလည်း သေသေချာချာရိုက်ကူးပြသထားတာမို့လို့ ကြည့်ရှုသူပရိသတ်တွေအဖို့တော့ ခံစားမှုရသတစ်မျိုးမဟုတ်တစ်မျိုးကို သေချာပေါက်ပေးစွမ်းနိုင်တဲ့ ဇာတ်ကားဖြစ်တာကြောင့် မကြည့်ရှုရသေးတဲ့ပရိသတ်ကြီးတို့တွေအနေနဲ့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။

Ref : Wiki
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။