အလုပ်မရှိတဲ့အချိန်အတွင်းမှာ Delivery သမားအဖြစ် အချိန်ပိုင်းလုပ်ကိုင်ခဲ့ရတဲ့ နာမည်ကြီး Idol အဖွဲ့ဝင်ဟောင်း

Posted on - Feb 12 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Idol အဖွဲ့တွေထဲက တစ်ဖွဲ့အပါအ၀င်ဖြစ်တဲ့ U-KISS အဖွဲ့ကို K-pop ကြိုက်နှစ်သက်သူ ပရိသတ်တွေအတော်များများကတော့ ရင်းရင်းနှီးနှီးသိကြမယ်လို့ ထင်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ စတင်ပွဲထွက်ခဲ့ပြီး ၂၀၁၀ ခုနှစ်ပတ်ဝန်းကျင်မှာ နာမည်ကြီးခဲ့တဲ့အဖွဲ့တွေထဲက တစ်ဖွဲ့အပါအ၀င်ဖြစ်တဲ့သူတို့အဖွဲ့ဟာ အဲဒီအချိန်တုန်းကဆိုရင် မိန်းကလေးပရိသတ်အတော်များများရဲ့ ကြိုက်နှစ်သက်အားပေးမှုကို ရရှိခဲ့တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ပွဲထွက်သက်တမ်း ၁၁ နှစ်ကျော်၊ ၁၂ နှစ်ဝန်းကျင်ရှိနေပြီဖြစ်ပေမယ့်ငြားလည်း အဖွဲ့ဝင်တွေအတော်များများကတော့ အဖွဲ့ကနေ နှုတ်ထွက်သွားကြပြီဖြစ်ပြီး လက်ရှိအချိန်မှာတော့ အဖွဲ့ဝင် ၃ ယောက်ပဲကျန်ရှိပါတော့ကာ အဖွဲ့ကနေ ထွက်ခွာသွားကြတဲ့သူတွေကတော့ သူတို့ရဲ့ဘ၀ရပ်တည်မှုအတွက် ပုံစံအမျိုးမျိုးနဲ့ ရပ်တည်ဖြတ်သန်းနေကြရပါတယ်။

ဒီလိုမျိုးပုံစံမျိုးစုံနဲ့ ဖြတ်သန်းနေကြရတဲ့ အဖွဲ့ဝင်ဟောင်းတွေထဲမှာ Eli ဟာလည်း တစ်ယောက်အပါအ၀င်ဖြစ်ပြီး သူ့ရဲ့ဘ၀ဖြတ်သန်းမှုတစ်စိတ်တစ်ပိုင်းအကြောင်းကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနေ့တုန်းက Radio Star အစီအစဉ်ကနေတဆင့် ပွင့်ပွင့်လင်းလင်း ဖွင့်ဟလို့သွားခဲ့ပါတယ်။Eli ရဲ့ ပြောပြချက်အရတော့ သူဟာ ပြီးခဲ့တဲ့နှစ်အစောပိုင်းလောက်တုန်းက U-KISS အဖွဲ့ဝင်အဖြစ်နဲ့ ရှိခဲ့သေးသော်ငြားလည်း ငွေကြေးကြပ်တည်းမှုတွေရှိခဲ့တာကြောင့် Delivery သမားအဖြစ် အချိန်ပိုင်းလုပ်ကိုင်ခဲ့ရတယ်လို့ သိရပါတယ်။

"ပြီးခဲ့တဲ့နှစ်အစောပိုင်းလောက်တုန်းကဆိုရင် ကျွန်တော် Delivery ပို့တဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော် Idol အဖြစ်နဲ့ ပရိုမိုးရှင်းတွေရှိခဲ့ပေမယ့်လည်း အလုပ်ရယ်လို့ရေရေရာရာ မရှိခဲ့ဘူးဗျ။ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလကတော့ ကျွန်တော့်အတွက် အခက်ခဲဆုံးအချိန်ပေါ့ဗျာ။ အလုပ်ကလည်းမရှိဘူး။ ပြီးတော့ Concert ကလည်းလုပ်ရဦးမယ်။ ၃ လလောက်က လေ့ကျင့်ရေးတွေလုပ်ခဲ့ရတယ်။ ပြီးတော့ နိုင်ငံခြားမှာ ၁ လ ဒါမှမဟုတ် ၂ လောက်နေပြီး ၃ လလောက်ကျမှ ကျွန်တော့်ရဲ့အနုပညာကြေးက ရတာ ဘာလို့လဲဆိုတော့ နိုင်ငံခြားမှာဖြစ်နေတာကိုး။ အဲဒီတော့ ကျွန်တော့်အတွက်က ၆ လလောက်က အလုပ်မရှိဘူးဖြစ်သွားတော့တာပဲ။ ဒီတော့ ကျွန်တော်လည်း အချိန်ပိုင်းဝင်လုပ်ရတာပေါ့ဗျာ" လို့ဆိုကာ Eli က သူ့ရဲ့ဘ၀ဖြတ်သန်းမှုတစ်စိတ်တစ်ပိုင်းအကြောင်းကို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

အချိန်ပိုင်းအလုပ်လုပ်ကိုင်ခဲ့ချိန်တုန်းကဆိုရင် သူဟာ မနက်အစော ၁ နာရီကနေ ညနေ ၄ နာရီလောက်အထိ ကျောင်းတွေကို အစားအသောက်တွေလိုက်လံပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးခက်ခဲကြပ်တည်းတဲ့ အချိန်တွေရှိခဲ့သော်ငြားလည်း Eli ဟာ စိတ်ဓာတ်ကျခဲ့ခြင်းမရှိပဲ အဲဒီအချိန်ကာလတွေကို ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းခဲ့ကြောင်း၊ သင်ယူမှုတွေလည်း အများကြီးရခဲ့ကြောင်းဆိုကာ သူ့ရဲ့ခံစားမှုကိုလည်း ဖွင့်ဟပြောပြလို့သွားခဲ့ပါတယ်။

ကိုရီးယားနဲ့ အမေရိကန် ကပြားဖြစ်တဲ့ Eli ဟာ U-KISS ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ ၂၀၀၈ ခုနှစ်မှာ စတင်ပွဲထွက်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ အဖွဲ့ကနေတရားဝင်နှုတ်ထွက်ခဲ့ပါတယ်။ သူ့အနေနဲ့ အဆိုတော်အဖြစ် ဆက်လက်ပြီးမရပ်တည်တော့ဘူးဆိုတာကိုလည်း အဆိုပါ Radio Star အစီအစဉ်မှာ တစ်ပါတည်းဖွင့်ဟပြောပြခဲ့တာကို တွေ့ရပါတယ်။

Eli ဟာ သူ့ထက် အသက် ၁၁ နှစ်ကြီးတဲ့ ချစ်သူမမနဲ့ ၂၀၁၄ ခုနှစ် ဇွန်လမှာ လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာကျတော့မှ ပရိသတ်တွေကို တရားဝင်ကြေညာအသိပေးခဲ့တာ ဖြစ်ပါတယ်။ သားလေးဖြစ်တဲ့ Michael Min Soo Kim ကိုတော့ ၂၀၁၅ ခုနှစ် ဇွန်လမှာ ပိုင်ဆိုင်ရရှိခဲ့ကာ လက်ရှိအချိန်မှာတော့ သာမန်လူတစ်ယောက်အဖြစ်နဲ့ပဲ မိသားစုနဲ့အတူ နေထိုင်နေတယ်လို့ သိရပါတယ်။

Ref : Allkpop
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။