သေမင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ခဲ့ပေမယ့် သေကံမပါလို့ အသက်မပျောက်ခဲ့ရတဲ့ Super Junior အဖွဲ့ဝင် Kyuhyun

Posted on - Feb 13 []

Mia Zin

စာရေးသူ

လူတွေပြောပြောနေကျတဲ့ လူတစ်ယောက်မှာ အသက် ၁ ချောင်းပဲပါတယ်၊ အပိုမပါဘူးဆိုတဲ့စကားက Super Junior ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Kyuhyun အတွက်ကတော့ မှားမယ်ထင်ပါတယ်။ လက်ရှိအချိန်မှာ ကျန်းကျန်းမာမာနဲ့ အနုပညာလှုပ်ရှားမှုတွေကို အောင်မြင်ပျော်ရွှင်စွာလုပ်ဆောင်နေတဲ့ Kyuhyun ဟာ တကယ်တော့ သေမင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ခဲ့ရဖူးသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သေကံမပါသေးတဲ့အတွက် အသက်မပျောက်ခဲ့ရပါဘူး။ ဒါဆိုရင် Cho Kyuhyun တစ်ယောက် အသက်အန္တရာယ်နဲ့ ဘယ်လိုမျိုးရင်ဆိုင်ခဲ့ရသလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြရအောင်။

လွန်ခဲ့တဲ့ ၁၃ နှစ်ပတ်ဝန်းကျင် ၂၀၀၇ ခုနှစ်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ Super Junior ရဲ့ ယာဉ်တိုက်မှုဟာ Kpop လောကကြီးရဲ့ယာဉ်တိုက်မှုဖြစ်စဉ်တွေထဲမှာ အဆိုးဝါးဆုံးသောတစ်ခုဖြစ်ပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့နေ့တုန်းက Super Junior ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Kyuhyun နဲ့ Shindong ဟာ Leeteuk နဲ့ Eunhyuk တို့ DJ Host လုပ်တဲ့ Kiss The Radio ဆိုတဲ့ အစီအစဉ်မှာ ဧည့်သည်အဖြစ်ပါဝင်ပြီး အဖွဲ့ဝင်တွေအတူတူအဆောင်ဆီကိုပြန်လာခဲ့တာဖြစ်ပါတယ်။

ယာဉ်တိုက်မှုကတော့ အဆောင်ကိုပြန်လာရာလမ်းမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နဲ့ သူရင်ဆိုင်ခဲ့ရတဲ့ သေခြင်းတရားဆိုတာကို Kyuhyun က "Strong Heart" အစီအစဉ်မှာ ပြောပြခဲ့တာပါ။ ပြန်လာရာလမ်းတစ်လျှောက်မှာ Kyuhyun က ကားအနောက်ခန်းမှာထိုင်ကာ သီချင်းနားထောင်၊မျက်လုံးမှိတ်ပြီး လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ကားဘီးပွတ်တိုက်သံနဲ့ ခွမ် ခွမ် ခွမ် ဆိုတဲ့ အသံတွေကြားလိုက်ရပြီး ကားကလည်းပတ်ချာလည်သွားတယ်လို့ဆိုပါတယ်။

Kyuhyun လည်း သတိတစ်ချက်မေ့သွားပြီး သူသတိရလို့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သူဟာ ကားလမ်းမပေါ်မှာရောက်နေပါပြီ။ ကားကတော့ Kyuhyun နဲ့ ခပ်လှမ်းလှမ်းမှာ မှောက်လျှက်သားဖြစ်ပြီး အဲဒီအချိန်မှာ သူစဉ်းစားမိလိုက်တာက "သေတယ်ဆိုတာ ဒီလိုမျိုးပါလား" ဆိုတဲ့အတွေးဖြစ်ပါတယ်တဲ့။ ဒီအချိန်အတောအတွင်းမှာပဲ သူ့အတွေးထဲမြင်ယောင်လာတာတွေကတော့ ကလေးဘ၀တုန်းက သူ့ရဲ့ပုံရိပ်တွေ၊ မိသားစုနဲ့ပျော်ခဲ့တဲ့ပုံတွေ၊ မူကြိုစတက်ခဲ့တဲ့ပုံတွေ၊ Super Junior အနေနဲ့ စတင်ပွဲထွက်ပြီး ဆုရယူခဲ့တဲ့ပုံတွေဖြစ်ပြီး အဲဒီမြင်ကွင်းတွေကို ရုပ်ရှင်ကားတစ်ကားလိုမျိုး မြင်ယောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် နံရိုးတွေကျိုးသွားခဲ့ပြီး အဆိုပါနံရိုးတွေက အဆုတ်ကိုထိုးဖောက်နေခဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ ဆရာဝန်တွေက လည်ချောင်းကိုဖောက်ကာ ခွဲစိတ်မှုလုပ်ရမယ်ဖြစ်ကြောင်းကို မိဘတွေနဲ့ SM Entertainment ကို ပြောလိုက်တဲ့အခါမှာတော့ Kyuhyun ကို အဆိုတော်လုပ်ဖို့တားမြစ်ခဲ့တဲ့ ဖခင်ဖြစ်သူဟာ သားဖြစ်သူကို ဒီလိုမျိုးခွဲစိတ်ဖို့အတွက် တားမြစ်ခဲ့ပါတယ်။

အကြောင်းအရင်းကတော့ အဆိုပါခွဲစိတ်မှုကလည်း ရာနှုန်းပြည့်ပြန်ကောင်းလာဖို့ကို အာမခံမပေးနိုင်တဲ့အပြင် သီချင်းလည်းဆက်လက်သီဆိုဖို့ အခွင့်အရေးမရှိတာကြောင့်ပါပဲ။ "လည်ချောင်းကိုဖောက်ပြီးခွဲစိတ်လိုက်ရင် ဒီကလေးရဲ့အနာဂတ်ဘယ်လိုလုပ်မလဲ။ ဒီကလေးက အဆိုတော်အရမ်းဖြစ်ချင်တဲ့သူ၊ သူ့ရဲ့အိပ်မက်တွေကိုသာဖျက်စီးလိုက်ရင် သူ ရှင်လျှက်နဲ့သေသလိုဖြစ်သွားမှာပေါ့" ဆိုတဲ့ စကားတွေနဲ့ ခွဲစိတ်မှုကိုတားမြစ်ခဲ့တာဖြစ်ပါတယ်။

ဆရာဝန်တွေကလည်း သားဖြစ်သူက သေခါနီးဖြစ်နေတာတောင် ဒီလိုမျိုးပြောနိုင်သေးတယ်ဆိုကာ ဒေါသထွက်ပြီး Kyuhyun ရဲ့ဖခင်ဖြစ်သူ အခြေအတင်တွေဖြစ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ Wang Young Pi ဆိုတဲ့ဆရာဝန်တစ်ယောက်က ရောက်လာပြီး သတိမေ့နေတဲ့ Kyuhyun ကို စစ်ဆေးမှုတွေပြုလုပ်ကာ ဒီကလေးကို သူ တခြားသောနည်းလမ်းနဲ့ ခွဲစိတ်မယ်လို့ပြောပြီး ခွဲစိတ်ပေးခဲ့ပါတယ်။

ဒီလိုမျိုးခွဲစိတ်မှုကို ခံယူပြီး ၄ ရက်အကြာမှာတော့ Kyuhyun ဟာ ပြန်လည်သတိရလာပြီး သူမသိပဲနဲ့ သူ့ရဲ့အိပ်မက်တွေကို ကာကွယ်ပေးခဲ့တဲ့ ဖခင်ဖြစ်သူကြောင့် အသည်းအသန်ငိုကြွေးခဲ့ရတယ်လို့ ဆိုပါတယ်။ Kyuhyun နဲ့အတူတူ ကားအက်စီးဒင့်ဖြစ်ရာမှာပါဝင်ခဲ့တဲ့ Leeteuk ကလည်း ဒီယာဉ်တိုက်မှုကြောင့် အသက်အန္တရယ်စိုးရိမ်ရတဲ့အခြေအနေရှိခဲ့ပြီး အချက်ပေါင်း ၁၈၀ လောက်ချုပ်ခဲ့ရတာ ဖြစ်ပါတယ်။

အဖွဲ့ခေါင်းဆောင်ဖြစ်သူ Leeteuk ရဲ့ ပြောပြချက်အရတော့ ယာဉ်တိုက်မှုဖြစ်ခဲ့ချိန်မှာ သူ့ရဲ့မျက်နှာနဲ့ ဦးခေါင်းမှာ သွေးတွေစီးကျနေတဲ့အတွက် ဆေးရုံကားက သူ့ဆီကိုအရင်ဆုံးလာရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ခပ်လှမ်းလှမ်းမှာ နံရိုးတွေကျိုးပြီး လဲလျောင်းနေတဲ့ Kyuhyun ကို မြင်တွေ့လိုက်ရတာကြောင့် ဆေးရုံကားကို Kyuhyun ဆီကို အရင်သွားဖို့အတွက်ပဲ တောင်းဆိုခဲ့ပါတယ်။ Leeteuk ကိုယ်တိုင်ကတော့ အဆိုပါယာဉ်တိုက်မှုမှာ ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် အချက်ပေါင်း ၁၇၀ ကျော်ချုပ်ခဲ့ရပါတယ်။

Shindong နဲ့ Eunhyuk ကတော့ ဒဏ်ရာအနည်းငယ်ပဲရရှိခဲ့တာဖြစ်ပါတယ်။ Kyuhyun ကားလမ်းမပေါ်မှာ လဲနေတဲ့အချိန်မှာ Eunhyuk က ငိုကြွေးနေတဲ့ Kyuhyun လက်ကိုဆုပ်ကိုင်ပေးထားခဲ့ပြီး Kyuhyun နဲ့အတူတူ ဆုတောင်းပေးနေခဲ့တယ်လို့ဆိုပါတယ်။

ဆေးရုံက ဆင်းပြီး(၅) လအကြာမှာတော့ အဖွဲ့နဲ့အတူတူ အနုပညာလှုပ်ရှားမှူတွေကို ပြန်လည်ပြုလုပ်ခဲ့ပြီး အခုဆိုရင်လည်း စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ပြီးမြောက်သွားပြီဖြစ်ကာ အနုပညာအလုပ်တွေကို ပုံမှန်အတိုင်းပြန်လည်လုပ်ဆောင်လျှက်ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်ပြီးတဲ့အမျိုးသားတိုင်း မဖြစ်မနေစစ်မှုထမ်းဆောင်ရတယ်ဆိုပေမယ့်ငြားလည်း ကျန်းမာရေးအခြေအနေထိခိုက်ဖူးတဲ့သူတွေကတော့ ဒီတာဝန်ကနေ ကင်းလွတ်ခွင့်ရှိပါတယ်။ ဒါပေမယ့် Kyuhyun ကတော့ သူ့အနေနဲ့ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကို ရှောင်ဖယ်ခြင်းမပြုခဲ့ပဲ ပြည်သူ့ဝန်ထမ်းတစ်ယောက်အဖြစ်နဲ့ ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့များ Kyuhyun ရဲ့ ဖခင်ဖြစ်သူဟာ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်အချိန်တုန်းက လည်ချောင်းခွဲစိတ်မှုကို မတားဆီးပေးခဲ့ရင် ယခုအချိန်မှာ Kyuhyun ရဲ့အသံချိုချိုအေးအေးလေးကို ဘယ်လိုလုပ်နားထောင်နေနိုင်မှာလဲနော်။ Kyuhyun တစ်ယောက် ရှေ့ဆက်လက်ပြီးလည်း အဖြစ်ဆိုးတွေနဲ့မရင်ဆိုင်ရပဲ ချစ်မြတ်နိုးတဲ့အနုပညာအလုပ်တွေကို သူချစ်တဲ့ Super Junior အဖွဲ့ဝင်အစ်ကိုတွေနဲ့အတူ ကျန်းမာပျော်ရွှင်စွာဆက်လက်လုပ်ကိုင်နိုင်ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။