အပိုငွေတွေမဖြုန်းပဲ အမြဲတမ်း အမှတ်ရနေစေမယ့် Valentine’s Day ကို ဖန်တီးဖို့အတွက်

Posted on - Feb 14 []

Rowena

စာရေးသူ

Valentine’s Day မှာ ချစ်သူတွေတစ်ယောက်နဲ့တစ်ယောက် လက်ဆောင်တွေအပြန်အလှန်ပေးကြတယ်ဆိုပေမယ့် တချို့ကတော့ ငွေကြေးအခက်အခဲကြောင့် Valentine’s Day ကို ရှောင်ရှားချင်ကြပါတယ်။ ဒါပေမယ့် တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ဈေးကြီးကြီးပေးရတဲ့ ပန်းစည်းတွေ၊ လူတစ်ရပ်စာလောက်ရှိတဲ့ အရုပ်ကြီးတွေကို ပေးမှသာ ချစ်ကြောင်းပြနိုင်တာမဟုတ်ပဲ အသေးအဖွဲလေးတွေကလည်း ချစ်သူကို ပျော်ရွှင်စေပါတယ်။ ငွေကို အရမ်းမဖြုန်းချင်ပဲ ပြန်တွေးတိုင်း ရင်ခုန်နေစေမယ့် Valentine’s Day နေ့လေးကို ဖန်တီးဖို့ လွယ်ကူပါတယ်။

ဟင်းတွေအတူတူချက်ကြမယ်

ကိုယ့်ချစ်သူကို ခါးလေးဖက်၊ အနမ်းလေးပေးရင်း မီးဖိုချောင်မှာ နှစ်ယောက်သားကြိုက်တဲ့ ဟင်းတွေကို အတူတူ ချက်ရတာလောက် romantic ဆန်တာ ရှိဦးမလား? ဘာဟင်းချက်မယ်၊ ဘာစားမယ်ဆိုတာ တိုင်ပင်ပြီး ဈေးဝယ်ထွက်ကြမယ်။ ပြီးရင်တော့ နှစ်ယောက်လုံး ချက်ထားတာတွေ ကောင်းတယ် မကောင်းဘူးပြောရင်း အမှတ်တရနေ့လေးကို ဖန်တီးနိုင်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် ဘာကြောင့်ချစ်တာလဲဆိုတာ ချရေးကြမယ်

သင့်ရဲ့ချစ်သူကို ဘာကြောင့်ချစ်တာလဲဆိုတာ ထုတ်ဖော်ပြောပါ။ တကယ်လို့ ဖြစ်နိုင်ရင်တော့ အဲ့ဒါတွေကို ချရေးထားပြီး ဓာတ်ပုံဘောင်လေးတစ်ခုထဲ ထည့်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။ ဒီအကြံလေးကတော့ သင့်ချစ်သူကို သင်က ဘယ်လောက်ချစ်ပြီး တန်ဖိုးထားကြောင်း ခဏခဏ အမှတ်ရနေစေမယ့် လက်ဆောင်ကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

မထင်မှတ်ထားတဲ့ လက်ဆောင်လေးတွေ ပို့်ပေးမယ်

ဒီလိုနေ့မျိုးမှာ သင့်ချစ်သူရဲ့ အလုပ်ကို လက်ဆောင်လေးတွေ ပို့ပေးသင့်ပါတယ်။ တန်ဖိုးကြီးစရာမလိုတဲ့ ချောကလက်လေးတွေနဲ့ ပန်းလေးတစ်ပွင့်ဖြစ်ဖြစ် ဒါမှမဟုတ် သင်ချစ်သူ နေ့လည်စာစားပြီးချိန်မှာ သူကြိုက်တတ်တဲ့ အချိုရည်ဘူးလေးတွေ၊ ချစ်တဲ့အကြောင်း ရေးသားထားတဲ့ စာတိုလေးကို ပေးပြီး ပျော်ရွှင်အောင် ဖန်တီးပေးနိုင်ပါတယ်။

ပထမဆုံးချိန်းတွေ့ခဲ့စဉ်က ပုံစံလေးကို ပြန်ပြီးဖန်တီးမယ်

သင်နဲ့ သင့်ချစ်သူက လက်တွဲခဲ့တာကြာပြီဆိုရင် သင်တို့ရဲ့ အချစ်ရေးလမ်းခရီးလေးစတင်ခဲ့ရာကို အမြဲတမ်း အမှတ်ရနေဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် သင်နဲ့ သင့်ချစ်သူတို့ နှစ်ဦး ပထမဆုံး ချိန်တွေ့ခဲ့စဉ်က နေရာလေးကို သွားပြီး အရင်တုန်းက အကြောင်းတွေကို ပြန်လည်ပြောရင်း အမှတ်တရကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ အားလုံးပဲ ချစ်တဲ့သူနဲ့ ပျော်စရာကောင်းတဲ့ Valentine’s Day လေးကို ဖြတ်သန်းနိုင်ကြပါစေနော်။

Kid
Ref: standard

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။