တစ်နေ့တခြား မင်းသား Choi Wooshik နဲ့ ပိုပြီးရုပ်ချင်းဆင်လာတဲ့ အမြွှာသုံးယောက်ထဲက Song Minguk

Posted on - Feb 14 []

Mia Zin

စာရေးသူ

မြန်မာနိုင်ငံက ကိုရီးယားဒရမ်မာကြိုက်ပရိသတ်တွေအကြားမှာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Song Il Guk ကို မသိကြတဲ့သူဆိုတာ ခပ်ရှားရှားပါပဲ။ Song Il Guk ဟာ ပရိသတ်တွေဆီကို "ဂျူမုံ" ဆိုတဲ့ ဇာတ်ကောင်နဲ့အတူ စတင်ရင်းနှီးစေခဲ့ပေမယ့် ဒီနောက်ပိုင်းပရိသတ်တွေ အထူးသဖြင့် လူငယ်ပရိသတ်တွေကတော့ သူ့ကို Daehan, Minguk, Manse ဆိုတဲ့ အမြွှာသားလေး ၃ ယောက်ရဲ့ ဖခင်အဖြစ် ပိုပြီးရင်းနှီးကြတာကို တွေ့ရပါတယ်။

ဒီအမြွှာလေး ၃ ယောက်ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ Return of Superman အစီအစဉ်မှာပါဝင်ခဲ့တာဖြစ်ပြီး သူတို့လေးတွေရဲ့ ချစ်စရာကောင်းလှတဲ့ အမူအရာတွေနဲ့ စကားပြောဟန်လေးတွေဟာဆိုရင် မြန်မာနိုင်ငံက ပရိသတ်တွေသာမက နိုင်ငံတကာပရိသတ်သန်းပေါင်းများစွာရဲ့ အချစ်တွေကိုရရှိစေခဲ့ပါတယ်။

သူတို့လေးတွေ Return of Superman အစီအစဉ်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေထွက်ရှိခဲ့ချိန်တုန်းကဆိုရင် ပရိသတ်တွေအနေနဲ့ သူတို့တွေချစ်ရတဲ့ ကလေးငယ်လေး ၃ ယောက်ကို နှုတ်ဆက်ရတော့မှာကြောင့် စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း အဲဒီနောက်ပိုင်းမှာတော့ ဖခင်ဖြစ်သူ Song Il Guk ဟာ ပရိသတ်တွေနဲ့ သားဖြစ်သူတွေ အဆက်အသွယ်ပြတ်မသွားစေရအောင် အင်စတာဂရမ်အကောင့်တစ်ခုဖွင့်ပြီး သား ၃ ယောက်လုံးရဲ့ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနေ့တုန်းကလည်း Song Il Guk ဟာ သူ့ရဲ့သားသုံးယောက်လုံး EBS စတူဒီယိုကိုသွားရောက်ပြီး နာမည်ကြီးဇာတ်ကောင် Pengsoo ရဲ့ မန်နေဂျာနဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်ကို မျှဝေလို့ပေးခဲ့ပါသေးတယ်။ အဆိုပါပုံထဲမှာဆိုရင် Daehan, Minguk, Manse တို့ ၃ ယောက်လုံးဟာ တစ်နေ့တခြားအရွယ်ရောက်ကြီးပြင်းလို့လာခဲ့ပြီး ချစ်စရာကောင်းတဲ့ကလေးတွေအဖြစ်ကနေ ခပ်ချောချောကောင်လေးတွေအသွင်ကို ပြောင်းလဲလို့လာနေပြီဆိုတာကို တွေ့ရပါတယ်။

ဒီပုံထဲမှာ အမြွှာသုံးယောက်လုံးရဲ့ပုံဟာ ချစ်စရာကောင်းပြီး ကြည့်ကောင်းချောမောနေကြပေမယ့်လည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ပိုပြီးရရှိခဲ့သူလေးကတော့ အလတ်ကောင်လေး Minguk ပါပဲ။ အကြောင်းကတော့ Minguk ရဲ့ ပုံစံဟာ လတ်တလောမှာ "Parasite" ရုပ်ရှင်ကားနဲ့ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကိုရရှိနေတဲ့ မင်းသား Choi Wooshik နဲ့ ရုပ်ချင်းခပ်ဆင်ဆင်တူနေတာကြောင့်ပဲ ဖြစ်ပါတယ်။

Minguk ကို Choi Wooshik နဲ့ ရုပ်ချင်းဆင်တယ်လို့ ပရိသတ်တွေအနေနဲ့ သတ်မှတ်ထားကြတာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း ပရိသတ်တွေက အခုလိုမျိုးသတ်မှတ်ချက် ပေးခဲ့ပါသေးတယ်။ သင်တို့ရဲ့ အမြင်မှာရော Choi Wooshik နဲ့ Minguk လေးတို့က ရုပ်ချင်းဆင်တူတယ်လို့ ထင်မြင်မိပါသလား။

Ref : KStarLive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။