သမီးဖြစ်သူကရော၊ သူမကိုယ်တိုင်ကပါ BTS ရဲ့ ARMY တွေဖြစ်တယ်လို့ ပြောလိုက်တဲ့ မင်းသမီး လီယောင်အေး

Posted on - Feb 14 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ လီယောင်အေးကိုတော့ မြန်မာပရိသတ်တွေက နန်းတွင်းရတနာဇာတ်လမ်းတွဲထဲက 'ချန်ဂင်' ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ကောင်းကောင်းကြီးသိကြ၊ ရင်းနှီးကြလိမ့်မယ်လို့ ထင်ပါတယ်။ သူမဟာ အိမ်ထောင်ကျပြီးကတည်းက အနုပညာလှုပ်ရှားမှုတွေကို အချိန်တစ်ခုမျှရပ်နားထားခဲ့တာဖြစ်ပြီး မိသားစုကိုပဲ အချိန်ပေးခဲ့ကာ ဒီနှစ်ပိုင်းအတွင်းမှသာလျှင် ဇာတ်ကားရိုက်ကူးမှုတွေကို ပြန်လည်လက်ခံခဲ့တာ ဖြစ်ပါတယ်။

သားတစ်ယောက်၊ သမီးတစ်ယောက်တို့ရဲ့ မေမေအဖြစ်ကို ရောက်ရှိနေပြီဖြစ်တဲ့ လီယောင်အေးဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တုန်းက SBS ရုပ်သံဌာနရဲ့ 'Night of TV Entertainment' မှာ ဧည့်သည်အဖြစ်နဲ့ပါဝင်ခဲ့ပြီး အင်တာဗျူးတွေကို ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။

သူမဟာ လတ်တလောမှာဆိုရင်တော့ 'Blue Dragon Award' ကိုတက်ရောက်ပြီး ဆုကြေညာပေးခဲ့တာနဲ့ပတ်သတ်လို့ ပရိသတ်တွေ၊ မီဒီယာသမားတွေရဲ့ စိတ်ဝင်စားအာရုံစိုက်မှုကိုရရှိနေကာ ပရိသတ်တွေအနေနဲ့ ဒီလိုမျိုးစိတ်ဝင်စားရတဲ့အကြောင်းအရင်းတော့ ဒါဟာ သူမအနေနဲ့ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် ဆုကြေညာသူအဖြစ် ဆုပေးပွဲကိုတက်ရောက်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်ကိုလည်း အသုံးပြုလျှက်ရှိနေတာကြောင့် အင်တာဗျူးတဲ့သူက သူမကို ဘယ်လိုအကြောင်းကြောင့် လူမှုကွန်ရက်မှာပါလှုပ်ရှားနေရသလဲဆိုတာကို မေးမြန်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ သူမက "ကျွန်မရဲ့ ပရိသတ်တွေနဲ့ အမြဲတမ်းအဆက်အသွယ်ရှိချင်လို့ပါ။ ဒီလိုမျိုးတွေက ကျွန်မ အသုံးမပြုတာတော်တော်ကြာပြီဆိုတော့ သိပ်တော့အသားမကျသေးဘူးပေါ့ရှင်" လို့ဆိုကာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အင်တာဗျုးတဲ့သူက လီယောင်အေးနဲ့ BTS အဖွဲ့တို့အတူ တွဲဖက်ရိုက်ကူးထားတဲ့ပုံရိပ်တွေနဲ့ ပတ်သတ်ကာပြောခဲ့ပါတယ်။ အဆိုပါပုံရိပ်တွေဟာဆိုရင် ဆုပေးပွဲမှာ BTS နဲ့ လီယောင်အေးတို့ တွေ့ဆုံခဲ့တဲ့ပုံနဲ့ BTS ရဲ့ Concert ကို သွားရောက်ကြည့်ရှုခဲ့တဲ့ပုံတွေဖြစ်ပြီး ဒီပုံတွေကို သူမကိုယ်တိုင် လူမှုကွန်ရက်အကောင့်မှာတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီ့နောက်မှာတော့ အင်တာဗျူးသူက သူမကို ဒီပုံတွေနဲ့ပတ်သတ်ကာ "ကျွန်တော် ခင်ဗျားနဲ့ BTS တို့အတူတွဲဖက်ရိုက်ကူးထားတဲ့ပုံတွေ တွေ့ရပါတယ်။ ခင်ဗျားက ARMY များလား" လို့ မေးမြန်းခဲ့ပါတော့တယ်။ အဲဒီအခါမှာ သူမက ချက်ချင်းဆိုသလို မဆိုင်းမတွပဲ "ဟုတ်ပါတယ်။ ကျွန်မက BTS ရဲ့ ပရိသတ်တွေဖြစ်လာခဲ့တာကြာပါပြီ။ ဒီပုံတွေဆိုရင် ကျွန်မ BTS နဲ့ဟာင်ကောင်က ဆုပေးပွဲတစ်ပွဲမှာတွေ့တော့ ရိုက်ယူထားခဲ့တာပါ။ ပုံတွေတင်လိုက်တယ်ဆိုကလည်း ပရိသတ်တွေကို သိစေချင်လို့ပါ။ ကျွန်မရော ကျွန်မရဲ့သမီးလေး Seungbin ကပါ ARMY တွေပါပဲ" လို့ဆိုကာ ဖြေဆိုပေးခဲ့ပါတယ်။

BTS ထဲမှာ ဘယ်အဖွဲ့ဝင်ကို အကြိုက်ဆုံးဖြစ်သလဲဆိုတာကို မေးမြန်းရာမှာတော့ လီယောင်အေးက သူမအနေနဲ့ကတော့ အဖွဲ့ဝင်အကုန်လုံးကိုကြိုက်နှစ်သက်ကြောင်း၊ တစ်ယောက်တည်းရွေးဖို့ရာမှာ အခက်တွေ့ရကြောင်းနဲ့ သမီးဖြစ်သူ Seungbin ကတော့ V ကို အကြိုက်ဆုံးဖြစ်ကြောင်း ပြန်လည်ဖြေဆိုပေးခဲ့ပါတယ်။ လီယောင်အေးဟာ ၂၀၀၉ ခုနှစ်မှာ ကိုရီးယာ-အမေရိကန်ကပြားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာတော့ အမြွှာသားလေးနဲ့ သမီးလေးကို မွေးဖွားခဲ့ပါတယ်။

BTS ရဲ့ အောင်မြင်မှုကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းအနုပညာကြယ်ပွင့်တွေတောင်မှ မကြိုက်ပဲမနေနိုင်ရလောက်အောင် ကြောက်ခမန်းလိလိမြင့်မားလွန်းလှပါတယ်နော်။

Ref : KStarLive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။