ပထမအိမ်ထောင်နဲ့ ကွာရှင်းပြီး (၅) နှစ်အကြာမှာ ဒုတိယအိမ်ထောင်ထူထောင်လိုက်တဲ့ မင်းသား Ryu Si Won

Posted on - Feb 16 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ သရုပ်ဆောင်မင်းသားတစ်လက်ဖြစ်တဲ့ Ryu Si Won ကို ဒီနေ့ခေတ် ကိုရီးယားဒရမ်မာကြိုက် ပရိသတ်တွေအနေနဲ့ ကောင်းစွာမရင်းနှီးကြဘူးဆိုပေမယ့်လည်း လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ပတ်ဝန်းကျင်လောက်ကတည်းက ကိုရီးယားဒရမ်မာတွေကို ကြည့်ရှုအားပေးလာကြတဲ့ ပရိသတ်တွေအနေနဲ့ကတော့ သူ့ကို "ဆူဘင်" ဆိုတဲ့နာမည်နဲ့ ရင်းနှီးကြမှာပါ။

ကိုရီးယားဒရမ်မာစီးရီးတွေ မြန်မာနိုင်ငံမှာ စတင်ပြသချိန်တုန်းက မြန်မာအမျိုးသမီးပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကိုရရှိခဲ့တဲ့ Ryu Si Won ဟာ သရုပ်ဆောင်မင်းသားအဖြစ်နဲ့သာမက အဆိုတော်အဖြစ်နဲ့လည်း အောင်မြင်ခဲ့သူဖြစ်ပြီး သူ့ရဲ့အသက်ဟာဆိုရင် လက်ရှိအချိန်မှာတော့ အသက် ၄၇ နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

Ryu Si Won ဟာ အနုပညာလှုပ်ရှားမှုတွေကို ၂၀၁၂ ခုနှစ်လောက်ကတည်း ရပ်နားခဲ့တာကြောင့် သူနဲ့ပတ်သတ်တဲ့သတင်းတွေဟာ အတော်လေးကိုတိတ်ဆိတ်လို့နေခဲ့ရာကနေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနေ့တုန်းက ထွက်ရှိလာခဲ့တဲ့သတင်းတွေအရတော့ Ryu Si Won တစ်ယောက် သူ့ထက်အသက်ငယ်တဲ့ အပြင်သာမန်အမျိုးသမီးတစ်ဦးနဲ့ ဆိုးလ်မြို့မှာ လက်ထပ်လိုက်တယ်လို့ သိရပါတယ်။

ဒီသတင်းအကြောင်းကို သူ့ရဲ့အေဂျင်စီဘက်ကနေလည်း တရားဝင်အတည်ပြုထုတ်ပြန်လို့ပေးထားတာကို တွေ့ရပါတယ်။ Ryu Si Won အနေနဲ့ အခုလိုမျိုး အိမ်ထောင်ပြုတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအိမ်ထောင်နဲ့ကတော့ ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့ကာ ၂၀၁၂ ခုနှစ်မှာတော့ အိမ်ထောင်ရေးအဆင်မပြေမှုတွေကြောင့် ခွဲခြားနေထိုင်ခဲ့ကြပါတယ်။

Ryu Si Won ဟာ ပထမအိမ်ထောင်နဲ့ သမီးလေးတစ်ယောက်ထွန်းကားခဲ့ပေမယ့်လည်း ၃ နှစ်တာမျှ ကွာရှင်းမှုကိုရင်ဆိုင်ဖြေရှင်းလို့အပြီးမှာတော့ ၂၀၁၅ ခုနှစ်မှာ တရားဝင်ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ဒါကြောင့် Ryu Si Won အတွက် အခုလိုမျိုး အိမ်ထောင်ပြုလိုက်တာဟာ ၅ နှစ်ကြာပြီးနောက်မှာ နောက်ထပ်မိသားစုအသစ်ကို ဖန်တီးဖို့အခွင့်အရေးတစ်ခုပဲလို့ ဆိုလို့ရပါတယ်။

ကိုရီးယားမှာထက် ဂျပန်မှာပိုပြီး အောင်မြင်တဲ့ Ryu Si Won အနေနဲ့ ဒီလိုမျိုးအိမ်ထောင်အသစ်ကို ကိုရီးယားမှာပဲ ထူထောင်လိုက်တာကြောင့် ပရိသတ်တွေကတော့ သူ့ကို မွေးရပ်မြေဖြစ်တဲ့ ကိုရီးယားမှာပဲ အနုပညာလှုပ်ရှားမှုတွေ ပြန်လည်လုပ်ကိုင်ဖို့အတွက် မျှော်လင့်ထားကြပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။