ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို ဖြတ်သန်းခဲ့ကြရဖူးတဲ့ နာမည်ကျော်ကိုရီးယားအနုပညာရှင် (၅) ယောက်

Posted on - Feb 16 []

Mia Zin

စာရေးသူ

အောင်မြင်ကျော်ကြားပြီး ပြီးပြည့်စုံတဲ့ နာမည်ကျော် အနုပညာရှင်ဘ၀ဆိုတာမျိုးက လူတိုင်းနီးပါးလိုချင်နေကြတဲ့ ဘ၀ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုးမှာ အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲကမှ တချို့သော အနုပညာရှင်တွေကတော့ သူတို့တွေလက်ရှိပိုင်ဆိုင်နေထိုင်ရတဲ့ ဘ၀တွေနဲ့ကွဲပြားစွာ ငယ်စဉ်ဘ၀တုန်းက ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို ပင်ပန်းစွာဖြတ်ကျော်ခဲ့ကြရဖူးသူတွေ ဖြစ်ကြပါတယ်။ ဒီလိုဆိုရင် ငယ်ငယ်တုန်းက ဆင်းဆင်းရဲရဲနေခဲ့ကြရပေမယ့် လက်ရှိမှာတော့ ထိပ်တန်းနာမည်ကြီးအနုပညာရှင်တွေအဖြစ်နဲ့ ရပ်တည်နေကြတဲ့ ကိုရီးယားအနုပညာရှင် (၅) ယောက်က ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. IU

လက်ရှိမှာ ထိပ်တန်းအဆိုတော်တစ်ယောက်အဖြစ်နဲ့သာမကပဲ အောင်မြင်တဲ့သရုပ်ဆောင်အနေနဲ့ပါ ရပ်တည်နေတဲ့ IU ကတော့ ငယ်စဉ်အရွယ်တုန်းက မိဘ ၂ ပါးရဲ့ အကြွေးတွေကြောင့် ငွေကြေးကြပ်တည်းတဲ့မိသားစုထဲမှာ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မိဘ ၂ ပါးဟာ သူမနဲ့ သူမရဲ့ မောင်လေးတို့ ၂ ယောက်ကို သေချာကျွေးမွေးစောင့်ရှောက်နိုင်ခြင်းမရှိတဲ့အတွက် မောင်နှမ ၂ ယောက်ဟာ အဖွားဖြစ်သူနဲ့အတူ အခန်းကျဉ်းလေးထဲမှာ နေထိုင်ခဲ့ကြရပါတယ်။ ထိုအခန်းမှာနေထိုင်ခဲ့တဲ့ အချိန်ကာလတုန်းကဆိုရင် ဆောင်းတွင်းမှာ အပူပေးစက်တောင် မဖွင့်နိုင်ခဲ့ပါဘူး။ အစားအစာ စားရတဲ့အခါမျိုးမှာလည်း တစ်ခါတစ်လေမှာ အဖွားဖြစ်သူကို ဈေးက ပေးလိုက်တဲ့အာလူးတွေကိုပဲ အဓိကအစာအဖြစ် စားသောက်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ဆွေမျိုးတစ်ယောက်ရဲ့ အိမ်ကိုပြောင်းရွှေ့နေထိုင်ရပြီး အဆိုပါအမျိုးတွေက သူမရဲ့ အဆိုတော်ဖြစ်ချင်တဲ့ဆန္ဒကို အပြစ်တင်ရှုံ့ချခဲ့ပါတယ်။ ဒီလိုမျိုးအပြစ်ကဲ့ရဲ့မှုတွေ၊ ဝေဖန်မှုကို သူမကြားလိုက်တဲ့အခါမှာတော့ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ်ရောက်ရှိအောင် ကြိုးစားမယ်လို့ဆုံးဖြတ်ခဲ့ပြီး လူရွေးချယ်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်အရာကိုမှ လွယ်လွယ်မရဘူးဆိုတဲ့စကားအတိုင်းဟာ သူမဟာ ထိုလူရွေးချယ်ပွဲတွေကိုကနေ ထုတ်ပယ်ခံခဲ့ရတဲ့အပြင် ရွေးချယ်ခံရလို့ အဆိုတော်အဖြစ် ပွဲထွက်ခဲ့ပြီးချိန်မှာတောင် သူမရဲ့ဘ၀ဟာ ခက်ခဲနေခဲ့ဆဲပါ။

ဒီလိုမျိုးအခြေအနေတွေကို ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ သူမဘက်ကသာ ပိုက်ဆံပေးမယ်ဆိုရင် တီဗွီအစီအစဉ်မှာ ပါဝင်ခွင့်ရမယ်ဆိုတဲ့ ကမ်းလှမ်းချက်တစ်ခုကို လက်ခံခဲ့ရပါတယ်။ ဒီလိုမျိုးကမ်းလှမ်းမှုကို ရရှိချိန်မှာတော့ သူမရဲ့အဘွားဖြစ်သူက ရှိစုမဲ့စုလက်ဝတ်ရတနာလေးကို ရောင်းချပြီးမြေးမလေး နာမည်ကြီးဖို့အတွက် တောင်းတဲ့ငွေကိုပေးခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ထိုငွေတွေဟာ အလိမ်ခံခဲ့ရပါတယ်။

ဒီလိုခါးသီးတဲ့ အခက်အခဲတွေများစွာကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ သူမဟာ ဒီနေ့အချိန်မှာတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေနိုင်သူတစ်ယောက်ဖြစ်ပြီး သူမရဲ့မိသားစုကို အပြည့်အ၀ထောက်ပံ့ပေးနိုင်သူတစ်ယောက် ဖြစ်လို့နေပြီ ဖြစ်ပါတယ်။

2. Park Bo Gum

ဒီနေ့အချိန်မှာ အောင်မြင်လူကြိုက်များတဲ့ သရုပ်ဆောင်မင်းသားတစ်လက်အဖြစ်နဲ့ ရပ်တည်နေသူ Park Bo Gum ကတော့ သူ အသက်ငယ်ငယ်လေးကတည်းက မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး နာကျင်ခက်ခဲတဲ့ကလေးဘ၀ကို ဖြတ်သန်းခဲ့ရသူပါ။ မိခင်ဖြစ်သူဟာ သူ (၅) တန်းအရွယ်မှာ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူအကြောင်းကို Youth Over Flowers အစီအစဉ်မှာ မျက်ရည်လည်ရွှဲနဲ့ ပြောပြထားခဲ့ဖူးပါတယ်။

ဒီလိုမျိုး ခက်ခဲမှုတွေအပြင် ဒေ၀ါလီခံရမှုကြောင့် တရားစွဲခံခဲ့ရပြီး အဲဒီအချိန်တုန်းက သူ့ရဲ့ အသက်ဟာ ၂၂ နှစ်အရွယ်မျှသာရှိသေးခဲ့တာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ငွေတိုးချေးသူထံကနေ အမေရိကန်ဒေါ်လာ ၂ သိန်း ၈ သောင်းကို ချေးယူခဲ့ပြီး အာမခံသူနေရာမှာ Park Bo Gum ရဲ့ နာမည်ကို ထည့်သွင်းခဲ့တာကြောင့် ထိုကြွေးမြှီအရှုပ်တော်ပုံဟာ သူ့ရဲ့ခေါင်းပေါ်ရောက်ခဲ့တာဖြစ်ပြီး အကြွေးတွေကို သူ အနုပညာလောကထဲရောက်ပြီး ၂၀၁၄ ခုနှစ်မှာ အပြီးရှင်းပေးခဲ့တယ်လို့ သိရပါတယ်။

3. Dok2

Dok2 တို့ မိသားစုဟာ ဘူဆန်မြို့မှာ စားသောက်ဆိုင်အကြီးကြီး ပိုင်ဆိုင်တယ်ဆိုပေမယ့်လည်း အဆိုပါစားသောက်ဆိုင်ဟာ Dok2 မူလတန်းကျောင်းသားအရွယ်တုန်းက ဒေ၀ါလီခံခဲ့ဖူးပါတယ်။ အဲဒီနောက်မှာတော့ သူနဲ့ သူ့ရဲ့အစ်ကိုဖြစ်သူတို့ဟာ ဆိုးလ်မြို့ကို ပြောင်းရွှေ့ကာ အခန်းကျဉ်းလေးတစ်ခုမှာ နေထိုင်ခဲ့ရပြီး စားစရာဆိုရင်လည်း ခေါက်ဆွဲခြောက်နဲ့ပဲ ဖြေရှင်းခဲ့ရပါတယ်။

သူ ငယ်ငယ်တုန်းက ဘယ်လောက်တောင်များ အစားဆင်းရဲခဲ့သလဲဆိုရင် တန်ဖိုးဘယ်လောက်မှ မရှိတဲ့ ပဲခေါက်ဆွဲတစ်ပွဲကိုစားရဖို့က သူ့ရဲ့ အိပ်မက်ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ သူ့အနေနဲ့ သူ့ရဲ့ငယ်စဉ်အိပ်မက်ကို အကြိမ်ပေါင်းမြောက်များစွာ အကောင်အထည်ဖော်နိုင်နေပြီဖြစ်သလို တန်ဖိုးမြင့် ဇိမ်ခံတိုက်ခန်းမှာလည်း နေထိုင်နေရပြီ ဖြစ်ပါတယ်။

4. Yoo Jae Suk

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး MC တစ်ယောက်အဖြစ်နဲ့ ၁၀ နှစ်ကျော်ကြာမြင့်သည်အထိတိုင်အောင် ရပ်တည်နေနိုင်ခဲ့တဲ့ Yoo Jae Suk ဟာဆိုရင်လည်း သူ ငယ်စဉ်အရွယ်တုန်းက မိသားစုမှာ ကြပ်တည်းတဲ့ငွေကြေးပြဿနာရှိခဲ့သူ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းဟာ အရှုံးပေါ်ခဲ့တာကြောင့် ကန်ဒေါ်လာ ၁.၈ သန်း အကြွေးတင်ခဲ့ရတယ်လို့ သိရပါတယ်။

ဖျော်ဖြေရေးလောကထဲကို စတင်ဝင်ရောက်ခဲ့တော့လည်း အချိန်ကာလတစ်ခုအထိတိုင်အောင် ပရိသတ်တွေရဲ့သတိထားမိခြင်းကို မရရှိခဲ့တာကြောင့် အရှုံးပေးချင်စိတ်တွေလည်းဖြစ်ပေါ်ခဲ့ဖူးတယ်လို့ သူကိုယ်တိုင် ပြောပြခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ခက်ခဲတဲ့အချိန်တွေ ကျော်လွန်သွားချိန်မှာတော့ အောင်မြင်မှုတစ်ခုကို အခိုင်အမာဆုပ်ကိုင်ထားနိုင်တဲ့ MC တစ်ယောက် ဖြစ်လို့နေပါပြီ။

5. Rain

ကမ္ဘာကျော် Idol နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သူ Rain ကတော့ အထက်တန်းကျောင်းတတ်စဉ်အရွယ်ကတည်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ၀င်ရောက်လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ လုပ်ကိုင်ခဲ့ရတဲ့အကြောင်းအရင်းကတော့ ကျန်းမာရေးမကောင်းတဲ့မိခင်ဖြစ်သူရဲ့ ဆေးဖိုးအတွက်ဖြစ်ပြီး သူ့အနေနဲ့ ဒီလိုမျိုးရှာဖွေပြီး မိခင်ကြီးကို ဆေးကုပေးခဲ့ပေမယ့်လည်း မိခင်ဖြစ်သူဟာ ကွယ်လွန်သွားခဲ့ပါတယ်။

မိခင်ဖြစ်သူ ကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ အိမ်မှာ မိခင်ဖြစ်သူက သူ့အတွက် ချန်ရစ်ထားခဲ့တဲ့ စာတစ်စောင်နဲ့ ဘဏ်စာအုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူမမကြာခင် သေတော့မှာကိုသိတဲ့ မိခင်ဟာ သူမ မရှိတော့တဲ့နောက် တစ်ယောက်တည်းကျန်ရစ်ခဲ့မယ့် သားဖြစ်သူအတွက် ဒီလိုမျိုးချန်ရစ်ထားခဲ့တာဖြစ်ပြီး Rain ဟာ အဲဒီအချိန်ကတည်းကစတင်ပြီး သူ့ဘ၀အတွက် အောင်မြင်မယ့်လမ်းကြောင်းကို စတင်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။