Song Ji Hyo သာ ပိုပြီးပွင့်လင်းမှုရှိခဲ့ရင် Gary နဲ့အတူ “Return of Superman” မှာ ပါဝင်နေလောက်ပြီလို့ပြောလိုက်တဲ့ Kim Jong Kook

Posted on - Feb 17 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုဖြစ်တဲ့ Running Man ဟာဆိုရင် တစ်မူထူးခြားတဲ့ ဂိမ်းအစီအစဉ်တွေ၊ ဖျော်ဖြေမှုတွေကြောင့် နာမည်ကြီးယုံသာမက ပါဝင်တင်ဆက်ကြတဲ့ အနုပညာရှင်တွေရဲ့ အချိတ်အဆက်မိမိပြောဆိုတတ်ကြတာတွေနဲ့ လိုက်ဖက်ညီစွာတွဲဖက်ထားမှုတွေကြောင့်လည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုအာရုံကို ရရှိထားတာ ဖြစ်ပါတယ်။

လိုက်ဖက်ညီစွာနဲ့ တွဲဖက်ထားမှုဆိုရာမှာ အစီအစဉ်ကနေထွက်ခွာသွားပြီဖြစ်တဲ့ Gary နဲ့ လက်ရှိအချိန်ထိ ပါဝင်ရိုက်ကူးတင်ဆက်နေဆဲဖြစ်တဲ့ Song Ji Hyo တို့ ၂ ယောက်ရဲ့ Monday Couple ကတော့ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း Gary တစ်ယောက် Running Man ကနေ ထွက်ခွာသွားခဲ့ပြီးတဲ့နောက်မှာတော့ Monday Couple ကို ပရိသတ်တွေအနေနဲ့ နောက်ထပ်တစ်ကြိမ် ထပ်မံတွေ့မြင်ရဖို့ဆိုတာဟာ မဖြစ်နိုင်တဲ့အရာတစ်ခုအသွင်နဲ့ပဲ ရှိခဲ့ပါတော့တယ်။

အဲဒီနောက်မှာတော့ Running Man ရဲ့ Love Line အသစ်အဖြစ်နဲ့ Jeon So Min နဲ့ Yang Se Chan တို့ ၂ ယောက်ကို ဖန်တီးခဲ့ကြပါတယ်။ လတ်တလောရက်ပိုင်းလောက်တုန်းက ထုတ်လွှင့်ပြသခဲ့တဲ့ Ruuning Man ရဲ့ နောက်ဆုံးအပိုင်းမှာဆိုရင်လည်း ပါဝင်ကြတဲ့တင်ဆက်သူတွေဟာ Jeon So Min နဲ့ Yang Se Chan တို့ ၂ ယောက်ရဲ့အကြားက ဆက်ဆံရေးကိုစနောက်ပြောဆိုခဲ့ကြပါသေးတယ်။

ဒါပေမယ့် ဒီလိုမျိုးစနောက်ပြောဆိုမှုမှာ Jeon So Min နဲ့ Yang Se Chan တို့ ၂ ယောက်ကိုတင်မကပဲ Song Ji Hyo နဲ့ Gary တို့ရဲ့ တစ်ချိန်တုန်းက Love Line ကိုလည်း ထည့်သွင်းပြောသွားတာကို တွေ့ရပါတယ်။

Jeon So Min ဟာ သူမအနေနဲ့ Se Chan ကို သူငယ်ချင်းတွေအဖြစ်နဲ့ ဒိတ်ပြီးမုန့်သွားစားကြဖို့ အရင်ဖိတ်ခေါ်ခဲ့ပေမယ့် Se Chan က သူမရဲ့ဖိတ်ခေါ်မှုကို ငြင်းဆိုခဲ့ကြောင်းကို အရင်ဆုံးဖွင့်ဟပြောပြခဲ့ပါတယ်။ အဲဒီအခါမှာတော့ Song Ji Hyo က Se Chan ကို "သူက အရင်ချည်းကပ်တာကို နင်က မတားဆီးထားနဲ့လေ။ တစ်ခါလောက်တော့ ပွင့်ပွင့်လင်းလင်းရှိလိုက်ပေါ့" လို့ဆိုကာ အကြံပေးစကားပြောဟန်နဲု့ စနောက်ခဲ့ပါတယ်။

အဲဒီအခါမှာတော့ Yoo Jae Seok က Song Ji Hyo ကို "မင်းကရော ဘာလို့ ပွင့်လင်းမှုတွေမရှိခဲ့တာလဲ" လို့ဆိုကာ စကားစကိုဖော်ပေးခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ Kim Jong Kook ၀င်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ Song Ji Hyo ကိုသာမက ကြည့်ရှုသူပရိသတ်တွေကိုပါ ခံစားမှုတစ်မျိုးတစ်ဖုံပေးစွမ်းစေခဲ့ပါတယ်။

Kim Jong Kook ပြောခဲ့တာကတော့ "မင်းသာ ပိုပြီးပွင့်လင်းမှုတွေရှိခဲ့မယ်ဆိုရင် အခုလောက်ဆို သူ (Gary) နဲ့ Superman မှာ ရိုက်ကူးရေးလုပ်နေရလောက်ပြီ" ဆိုတဲ့စကားပဲဖြစ်ပါတယ်။ ဒီစကားဟာ Kim Jong Kook အနေနဲ့ စနောက်ပြီးပြောလိုက်တဲ့စကားဖြစ်သော်ငြား တစ်ချိန်တုန်းက Monday Couple အဖြစ် အတွဲညီခဲ့တဲ့ Gary နဲ့ Song Ji Hyo တို့ကို သဘောတူကြည်ဖြူခဲ့ကြတဲ့ ပရိသတ်တွေအတွက်ကတော့ ကြည်နူးမှုကိုရော၊ ၀မ်းနည်းမှုကိုပါ တစ်ချိန်တည်းခံစားစေရလောက်တဲ့ စကားပါပဲ။

Kim Jong Kook ရဲ့ အဆိုပါစကားကိုကြားပြီးနောက်မှာတော့ ပါဝင်ကြတဲ့တင်ဆက်သူတွေ အကုန်လုံးဟာ ရယ်ပွဲကျခဲ့ကြပြီး Song Ji Hyo ကတော့ "ကျွန်မနဲ့ Gary က အဲဒီလိုမျိုးတွေ မဟုတ်ခဲ့ကြပါဘူး" လို့ဆိုကာ ဖြေရှင်းခဲ့ပါတယ်။

Gary ဟာ အစီအစဉ်ကနေ ထွက်ခွာသွားခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ လက်ထပ်ခဲ့ပြီး သားလေးတစ်ယောက်ကို ပိုင်ဆိုင်ရရှိခဲ့ကာ အခုဆိုရင်တော့ သားဖြစ်သူ Kang Hao နဲ့အတူ “Return of Superman” မှာပါဝင်ရို်က်ကူးလို့နေပြီး Gary အနေနဲ့ ဒီလိုမျိုး တီဗွီအစီအစဉ်မှာပါဝင်ရိုက်ကူးမှုဟာ ၃ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ Monday Couple အဖြစ်အတွဲညီစွာ တင်ဆက်ဖျော်ဖြေနိုင်ခဲ့ကြတဲ့ Gary နဲ့ Song Ji Hyo တို့ သူငယ်ချင်း ၂ ယောက်ကို မကြာခင်အချိန်ကာလတစ်ခုမှာ ပြန်လည်ဆုံတွေ့ကာ ရိုက်ကူးရေးလုပ်စေချင်နေကြပါတယ်။ ပရိသတ်ကြီးတို့တွေကရော Monday Couple ကို ဖန်သားပြင်အထက်မှာ နောက်ထပ်တစ်ဖန်ပြန်လည်မြင်တွေ့ချင်ကြရဲ့လား။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။