ရော်ဘတ်ဆန်၊ မက်ဂွဲရား၊ ဟာလန်းတို့နဲ့ ပတ်သက်ပြီး အဲဗာတန်ရဲ့လုံးဝရင်နာစရာကောင်းလွန်းတဲ့ ဖြစ်ရပ်

Posted on - Feb 22 []

Gunner Ksr

စာရေးသူ

အဲဗာတန်ဖြစ်ရပ်ကတော့ တကယ့်ကို ရင်နာစရာကောင်းလွန်းပြီး အသင်းပရိသတ်တွေအားလုံး ယူကျုံးမရဖြစ်စေရမယ့်ကိစ္စလို့ပဲ ဆိုရမှာပါ။ ဘောလုံးလောကမှာ အပြောင်းအရွေ့လှုပ်ရှားမှုတွေဟာ ကံစမ်းမဲနှိုက်ရသလိုပါပဲ။ ကိုယ့်အသင်းက မျှော်လင့်တကြီးနဲ့ ၀ယ်လိုက်တဲ့ကစားသမားတွေက လက်တွေ့မှာ မဖြစ်ထွန်းလာတွေရှိသလို အနာဂတ်မှာ ဖြစ်ထွန်းမယ်လို့ မမျှော်လင့်ထားတဲ့၊ ကိုယ့်အသင်းနဲ့ လိုက်ဖက်မယ်လို့ မထင်လို့ လက်လွှတ်ခဲ့တဲ့ ကစားသမားတွေဟာ တစ်ချိန်ချိန်မှာ ကမ္ဘာကျော်ဖြစ်လာတာမျိုးတွေလည်း ရှိတတ်ပါတယ်။

အဲဒီလိုဖြစ်ရပ်မျိုးက အသင်းတိုင်းနီးပါးကြုံတွေ့ခဲ့ရတာပါ။ အကောင်းဆုံးဥပမာတစ်ခုအနေနဲ့ ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာမယ့် ရော်နယ်ဒိုကို မန်ယူထက်အရင် လက်ဦးမှုယူပြီး ခေါ်ယူနိုင်မယ့်အခွင့်အရေး ရခဲ့ပေမယ့်လည်း အဲဒီအခွင့်အရေးကို ဆုံးရှုံးခံခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာလည်း အဲဗာတန်အသင်းက အဲဒီဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပြီး သူတို့ရဲ့ဖြစ်ရပ်ကတော့ တော်တော်လေး ရင်နာစရာကောင်းတယ်လို့ ဆိုရမှာပါ။ ဒီအကြောင်းကို အဲဗာတန်အသင်းရဲ့ ဒါရိုက်တာဟောင်းစတိဗ်ဝေးလ်က ဖွင့်ဟပြောကြားသွားခဲ့တာပါ။

သူအနေနဲ့ အဲဗာတန်အသင်းအတွက် တာဝန်ယူဆောင်ရွက်နေတဲ့ ကာလအတွင်း ကမ္ဘာ့ဈေးအကြီးဆုံး နောက်ခံကစားမားဖြစ်လာတဲ့ မန်ယူအသင်းရဲ့နောက်ခံလူမက်ဂွဲရား၊ လီဗာပူးရဲ့အားထားရတဲ့အဓိက၀င်ရိုးရော်ဘတ်ဆန်နဲ့ လက်ရှိမှာ ဂိုးတွေကို ထမင်းစား၊ ရေသောက်လို သဘောထားပြီး သွင်းပြနေကာ ဥရောပဇာတ်ခုံပေါ် နာမည်အကျော်ဆုံးဖြစ်နေတဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းတို့ (၃) ဦးပေါင်းကို ပေါင် (၂၅) သန်းနဲ့သာ ခေါ်ယူဖို့ အခွင့်အရေးရှိခဲ့တာပါ။

ဒါပေမဲ့ အဲဗာတန်အသင်းက အဲဒီ (၃) ဦးစလုံးကို ခေါ်ယူဖို့ငြင်းဆန်ခဲ့ပါတယ်။ "အဲဗာတန်မှာ ကျွန်တော် ရှိနေတုန်းက ရော်ဘတ်ဆန်နဲ့ မက်ဂွဲရားနှစ်ယောက်စလုံးကို ခေါ်ဖို့အခွင့်အရေးရှိခဲ့တယ်။ အဲဒီတုန်းက သူတို့က ဟားလ်စီးတီးမှာရှိသေးတယ်။ သူတို့နှစ်ယောက်စလုံးကိုမှ ပေါင်သန်း (၂၀) လောက်နဲ့ပဲ ခေါ်နိုင်ခဲ့မှာ။ ဒါပေမဲ့ အသင်းက လက်မခံခဲ့ဘူး။ ပြီးတော့ ဟာလန်းကိုလည်း သူ့အသက် (၁၇) နှစ်အရွယ်လောက် ပေါင် (၅) သန်းတည်းနဲ့ ခေါ်နိုင်တဲ့ အခွင့်အရေးရခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းကလည်း အသင်းက မခေါ်ခဲ့ပါဘူး"လို့ စတိဗ်ဝေးလ်က ဖွင့်ဟသွားခဲ့တာပါ။ သူတို့ (၃) ဦးပေါင်းတန်ကြေးဟာ လက်ရှိအချိန်မှာ ပေါင်သန်း (၂၀၀) လောက်အထိ ရှိနေပြီဖြစ်လို့ အဲဗာတန်အတွက်တော့ တကယ့်ကို ရင်နာစရာပဲလို့ ဆိုရမှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။