ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတွေအတွက် ၀မ် သန်း ၁၀၀ လှူဒါန်းခဲ့တဲ့ မင်းသား Park Seo Joon

Posted on - Feb 24 []

Mia Zin

စာရေးသူ

နာမည်ကြီးကိုရီးယားမင်းသားတစ်လက်ဖြစ်တဲ့ Pak Seo Joon ဟာဆိုရင် လတ်တလော တောင်ကိုရီးယားနိုင်ငံမှာ ကူးစက်နှုန်းမြင့်မားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကို ရင်ဆိုင်ခံစားနေကြတဲ့ လူနာတွေအတွက် ကန်ဒေါ်လာ 82,845 USD (၀မ် သန်း ၁၀၀) ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Daegu Social Welfare Fundraising Co., Ltd က တာဝန်ရှိသူတစ်ယောက်ရဲ့ ထုတ်ပြန်ချက်မှာတော့ Park Seo Joon ဟာ ပြီးခဲ့တဲ့ အဂါင်္နေ့တုန်းက သတင်းတွေရဲ့ဖော်ပြချက်ကနေတဆင့် ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာတွေကိုကုသဖို့အတွက် အထူးကြပ်မတ်ကုသဆောင်မှာ ဆေးရုံသုံးပစ္စည်းကိရိယာတွေ မလုံလောက်ဘူးဆိုတာကို သိလိုက်ရတာကြောင့် လိုအပ်တဲ့ပစ္စည်းကိရိယာတွေ ၀ယ်ယူဖို့အတွက် အခုလိုမျိုး ၀မ် သန်း ၁၀၀ ကို ချက်ချင်းဆိုသလို လှူဒါန်းသွားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နာမည်ကြီးတဲ့ မင်းသားတစ်လက်ဖြစ်သော်ငြားလည်း အလှူအတန်းနဲ့ပတ်သတ်လာရင် ရက်ရက်ရောရောလှူဒါန်းတတ်တဲ့ Park Seo Joon ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလတုန်းကလည်း ဂွမ်ဝမ်ဒိုဒေသမှာဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုမှာ ထိခိုက်ခဲ့ကြရတဲ့သူတွေအတွက် ၀မ် သန်း ၁၀၀ လှူဒါန်းခဲ့ဖူးပါသေးတယ်။

တောင်ကိုရီးယားနိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး နောက်ဆုံးရရှိလာတဲ့သတင်းတွေအရတော့ လက်ရှိမှာ အမြင့်ဆုံးအနီရောင်အဆင့်အဖြစ် ကြေညာထားပြီး ကူးစက်ခံရသူအရေအတွက် ၇၆၃ ယောက်ရှိကာ သေဆုံးသူကတော့ ၇ ယောက်ရှိကာ ရောဂါပျောက်ကင်းသူကတော့ ၁၈ ယောက်ရှိတယ်လို့ သိရပါတယ်။

ရောဂါစတင်ဖြစ်ပွားတဲ့ဒေသကတော့ တရုတ်နိုင်ငံ၊ ၀ူဟန်မြို့ကဖြစ်ပြီး အခုဆိုရင်တော့ အဆိုပါရောဂါပိုးဟာ အာရှနိုင်ငံအတော်များများကို ပျံ့နှံ့ရောက်ရှိလို့နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အများပြည်သူပရိသတ်တွေအနေနဲ့ ဒီရောဂါပိုးကနေ ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို စနစ်တကျလိုက်နာဖို့အတွက် အကြံပြုလိုက်ရပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။