ဇာတ်ပို့နေရာကနေ ခေါင်းဆောင်မင်းသမီးနေရာကို ရောက်ရှိအောင် တက်လှမ်းနိုင်ခဲ့ကြတဲ့ ကိုရီးယားအမျိုးသမီးသရုပ်ဆောင်များ

Posted on - Feb 26 []

Mia Zin

စာရေးသူ

ဇာတ်ကားတစ်ကားကို ရိုက်ကူးပုံဖော်ရာမှာ အဓိကဇာတ်ဆောင်တွေကလည်း အရေးကြီးသလို ဇာတ်လမ်းပိုမိုအရှိန်မြင့်လာအောင် ဘေးကနေ ပံ့ပိုးသရုပ်ဆောင်ပေးရတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလှပါတယ်။ ဇာတ်ပို့မင်းသမီး (သို့မဟုတ်) ဒုတိယမင်းသမီးအနေနဲ့ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်သူတွေဟာ ခေါင်းဆောင်မင်းသမီးနေရာကို ရောက်ရှိဖို့ဆိုတာမှာ ထင်သလောက်မလွယ်လှပါဘူး။ အခုတင်ဆက်ပေးမယ့် ကိုရီးယားမင်းသမီး (၆) ယောက်ကတော့ ဇာတ်ပို့မင်းသမီး (သို့မဟုတ်) ဒုတိယမင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ကြပေမယ့် အခုလက်ရှိမှာတော့ ခေါင်းဆောင်မင်းသမီးနေရာကနေ လက်ခံရိုက်ကူးနေကြရတဲ့သူတွေ ဖြစ်ကြပါတယ်။

1. Honey Lee

အလှမယ်တစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းမှာ စတင်လျှောက်လှမ်းခဲ့တဲ့ Honey Lee ကတော့ ၂၀၀၉ ခုနှစ်ကစပြီး သရုပ်ဆောင်နယ်ပယ်ထဲကို ၀င်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲပေါင်းများစွာနဲ့ ရုပ်ရှင်ကားပေါင်းများစွာမှာ ဇာတ်ပို့မင်းသမီးအနေနဲ့သာ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ သူမဟာ ၂၀၁၉ ခုနှစ်မှာတော့ The Fiery Priest ဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင်မင်းသမီးအနေနဲ့ ပါဝင်ခွင့်ရခဲ့ပါပြီ။

2. Yoo Inna

အခုလက်ရှိမှာTouch Your Heart ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုကို အထူးရရှိထားတဲ့ မင်းသမီးလေး Yoo Inna ဟာဆိုရင် အသက် ၁၆ နှစ်အရွယ်ကတည်း ဖျော်ဖြေရေးလောကထဲကို စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ အမျိုးသမီး Idol အဖြစ်နဲ့ လျှောက်လှမ်းဖို့အတွက် ကြံရွယ်ခဲ့ပေမယ့် အကပါရမီမပါတဲ့ သူမအတွက် Idol တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။

၂၀၀၆ ခုနှစ်မှာတော့ YG Entertainment နဲ့ လက်တွဲကာ သရုပ်ဆောင်နယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့ပြီး High Kick Through the Roof, Secret Garden, The Greatest Love အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ ဇာတ်ရန်မင်းသမီး၊ ဒုတိယမင်းသမီးအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ Queen and I (မောင့်မိဖုရား) ဆိုတဲ့ ဇာတ်လမ်းတွဲမှာတော့ ခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ ပထမဆုံးပါဝင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ရိုက်ကူးခဲ့တဲ့ တချို့သော ဇာတ်ကားတွေမှာ ဒုတိယမင်းသမီးအဖြစ်နဲ့ ပါဝင်ခဲ့သေးပေမယ့်လည်း အခုလက်ရှိမှာတော့ သူမဟာ ခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ ရပ်တည်နေသူ ဖြစ်နေပါပြီ။

3. Kim Jiwon

မင်းသမီး Kim Jiwon ကိုတော့ မြန်မာပရိသတ်တွေက Descendants of the Sun ဇာတ်လမ်းတွဲနဲ့ ပိုပြီးမှတ်မိကြတယ်ဆိုပေမယ့် နိုင်ငံတကာပရိသတ်တွေကတော့ သူမကို The Heirs ဇာတ်လမ်းတွဲနဲ့ ပိုပြီးသိကြပါတယ်။ သူမဟာလည်းပဲ ဇာတ်ပို့နေရာ၊ ဒုတိယမင်းသမီးနေရာကနေ ဇာတ်ကားပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပေမယ့် ၂၀၁၇ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Fight for My Way ဇာတ်လမ်းတွဲမှာတော့ ခေါင်းဆောင်မင်းသမီးနေရာကနေ ပထမဆုံးသရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

4. Lee Sunbin

ချစ်သူတွေဖြစ်နေကြပြီလို့ ၂၀၁၉ ခုနှစ်ရဲ့ နှစ်စမှာတင် ပရိသတ်တွေကို ၀န်ခံခဲ့တဲ့ Lee Kwang Soo ရဲ့ ချစ်သူ မင်းသမီး Lee Sunbin ဟာဆိုရင်လည်း ဇာတ်ပို့မင်းသမီးနေရာကနေ ဇာတ်ဆောင်မင်းသမီးနေရာကို တက်လှမ်းနိုင်ခဲ့သူတစ်ယောက်ပါ။

Idol တစ်ယောက်အဖြစ်နဲ့ ခြေလှမ်းစတင်ခဲ့တဲ့ သူမဟာ အဖွဲ့ဖျက်သိမ်းလိုက်ပြီးတဲ့နောက်မှာတော့ သရုပ်ဆောင်နယ်ပယ်ထဲကို ခြေလှမ်းလှမ်းခဲ့ပြီး ၂၀၁၄ ခုနှစ်ကနေ စတင်ကာ အရန်မင်းသမီးအဖြစ်နဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ Sketch ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ပထမဆုံးပါဝင်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

5. Ha Ji Won

မင်းသမီးကြီး Ha Ji Won ဟာဆိုရင်လည်း ဇာတ်ပို့မင်းသမီးနေရာ၊ ဗီလိန်မင်းသမီးနေရာကနေ (၅) နှစ်တာမျှ သရုပ်ဆောင်ခဲ့ဖူးသူုဖြစ်ပြီးမှ ဇာတ်ဆောင်မင်းသမီးနေရာကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမဟာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် ထိပ်တန်းမင်းသမီးကြီးတစ်လက် ဖြစ်လို့နေပါပြီ။

6. Kim Tae Hee

ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Kim Tae Hee ဟာဆိုရင်လည်း ဗီလိန်ဇာတ်ကောင်၊ ဒုတိယမင်းသမီးနေရာကနေ ခေါင်းဆောင်မင်းသမီးအဖြစ်ကိုရောက်ရှိအောင် တက်လှမ်းနိုင်ခဲ့သူပါ။ သူမ ဗီလိန်အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကတော့ ပရိသတ်တွေ အရူးအမူးကြိုက်နှစ်သက်ခဲ့ကြဖူးတဲ့ Stairway to Heaven (အချစ်လှေကားထစ်လေးများ) ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

ဇာတ်ပို့နေရာကနေ ဇာတ်ဆောင်အဖြစ်ကို တက်လှမ်းနိုင်ခဲ့ကြတဲ့ ကိုရီးယားမင်းသမီးတွေထဲမှာ ပရိသတ်ကြီးတို့သိကြတဲ့ မင်းသမီးတွေများရှိသေးတယ်ဆိုရင် ဝေမျှခဲ့ကြပါဦး။

Ref : kstarlive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။