ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ The Ghost ရုပ်ရှင်ဇာတ်ကားရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်

Posted on - Feb 27 []

Rowena

စာရေးသူ

(၁၉၉၀)ခုနှစ်ဝန်းကျင်က ၀င်ငွေအကောင်းဆုံးရရှိခဲ့ပြီး ပရိသတ်တွေကြား ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကို ပြောပါဆိုရင် The Ghost ရုပ်ရှင်ဇာတ်ကားကိုပဲ ပြောရမှာပါ။ The Ghost ရုပ်ရှင်ကားဟာ အချစ်ရော၊ အလွမ်းရော၊ ဟာသရော ရသမျိုးစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းဖြစ်ပြီး ရိုက်ကူးစရိတ် (၂၂)သန်းကုန်ကျခဲ့ပေမယ့် Box Office မှာတော့ ဒေါ်လာ(၅၀၅.၇)သန်း ရရှိခဲ့ပါတယ်။ အော်စကာဆန်ခါတင်စာရင်းမှာလည်း ဆုတွေအများကြီး စာရင်းဝင်ခဲ့ပေမယ့် Whoopi Goldberg(အကြားအမြင်ဆရာမ အဖြစ်သရုပ်ဆောင်ခဲ့သူ) က အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ Bruce Joel Rubin က အကောင်းဆုံးဇာတ်ညွှန်းဆုရရှိခဲ့ပါတယ်။ မင်းသား Patrick Swayze နဲ့ မင်းသမီး Demi Moore တို့ကတော့ Golden Globe ဆုရဖို့စာရင်းဝင်ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

Whoopi တစ်ယောက် အကြားအမြင်ဆရာမဇာတ်ကောင်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ဖို့ မင်းသား Patrick Swayze ကကြိုးစားပေးခဲ့ရပါတယ်

ရုပ်ရှင်ထုတ်လုပ်သူတွေက Whoopi ကို အကြားအမြင်ဆရာမဇာတ်ရုပ်နဲ့ မလိုက်ဖက်ဘူးလို့ယူဆပြီး ပယ်ချဖို့လုပ်ခဲ့ကြပေမယ့် မင်းသားကြီး Patrick Swayze က Whoopi ကိုမထည့်ရင် သူပါ မရိုက်ကူးတော့ဘူးလို့ ငြင်းဆန်ခဲ့တဲ့အတွက် Whoopi တစ်ယောက်ပါဝင်ခွင့်ရခဲ့တာပါ။ ဒါကြောင့်ပဲ ဒီဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရခဲ့တဲ့ Whoopi က Patrick ကို အရမ်းကျေးဇူးတင်ခဲ့တယ်လို့ ဆိုပါတယ်။

ရိုက်ကူးနေရင်း Patrick တစ်ယောက် ကြက်သီးတဖြန်းဖြန်းထခဲ့ရပါတယ်

Patrick တစ်ယောက် သရဲဘ၀နဲ့ ညဘက်ကြီး လူဆိုးလိုက်ဖမ်းတဲ့ဇာတ်ဝင်ခန်းကို ရိုက်ကူးခဲ့စဉ်က တစ်ကိုယ်လုံးအေးစက်ခဲ့ပြီး ကြက်သီးတွေတောင် တဖြန်းဖြန်းထခဲ့ရပါတယ်တဲ့။ ထိုညတုန်းက အအေးဒဏ်အရမ်းလွန်ကဲနေခဲ့ပြီး တစ်ခြားရိုက်ကူးရေးအဖွဲ့သားတွေက အနွေးထည်ခပ်ထူထူဝတ်ပြီး ရိုက်ခဲ့ပေမယ့် Patrick ကတော့ အင်္ကျီအပါးလေးတစ်ထည်နဲ့ သာ ရိုက်ကူးခဲ့ရတဲ့အတွက် တော်တော်ဒုက္ခရောက်ခဲ့ရပါတယ်။

The Ghost ရုပ်ရှင်ကို မက္ကဆီကိုရုပ်ရှင်ရုံတွေမှာ ပြသစဉ်က တစ်ရှုးဘူးတွေပါ ၀န်ဆောင်မှုပေးခဲ့ပါတယ်

The Ghost ရုပ်ရှင်ကို မက္ကဆီကိုရုပ်ရှင်ရုံတွေမှာ ပြသစဉ်က "မိန်းကလေးများအတွက်သာ" ဆိုတဲ့စာကပ်ထားတဲ့ တစ်ရှုးဘူးတွေချပေးထားခဲ့ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ပြတဲ့အချိန်မှာတော့ ယောက်ျားလေးအများစုကသာ တစ်ရှုးတွေလာလာယူခဲ့ပါတယ်တဲ့။

မင်းသမီးချော Demi Moore က ရုပ်ရှင်ရိုက်ခါနီးမှ မပြောမဆိုနဲ့ ဆံပင်ညှပ်ပစ်ခဲ့ပါတယ်

ဒီဇာတ်ကားအတွက် အစမ်းသရုပ်ဆောင်ကြစဉ်က မင်းသမီးချော Demi Moore က ဆံပင်ရှည်ထားထားပေမယ့် တကယ်သရုပ်ဆောင်တဲ့အချိန်မှာတော့ ဘယ်သူနဲ့မှမတိုင်ပင်ဘဲ ဆံပင်တိုတိုလေး ညှပ်ပစ်ခဲ့တာကြောင့် ဒါရိုက်တာက စိတ်ဆိုးခဲ့ပေမယ့် မင်းသမီးရဲ့ ဆံပင်ပုံစံအသစ်ဟာ ဇာတ်ကောင်နဲ့အရမ်းလိုက်ဖက်ခဲ့တာကြောင့် လက်ခံရိုက်ကူးခဲ့ပါတယ်။

ကဲ ... ပရိသတ်ကြီးရေ၊ ရုပ်ရှင်လောကမှာ တော်တော်လေးရေပန်းစားခဲ့တဲ့ The Ghost ရုပ်ရှင်ရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်အကြောင်းအရာတစ်ချို့ ကို သိလိုက်ရလို့ ပရိသတ်တွေလည်း ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ The Ghost ရုပ်ရှင်ကားဟာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် မကြည့်ရသေးတဲ့သူတွေအတွက်တော့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Kid
Ref : LittleThings

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။