မူးယစ်ဆေးဝါးကို B.I လုံးဝမသုံးစွဲထားဘူးလို့ ရဲတွေဘက်မှ အတည်ပြုထုတ်ပြန်

Posted on - Feb 27 []

Mia Zin

စာရေးသူ

၂၀၁၉ ခုနှစ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ K-pop လောကရဲ့ ဖြစ်ရပ်ဆိုးတွေထဲမှာ iKON ရဲ့ အဖွဲ့ခေါင်းဆောင်ဟောင်းဖြစ်သူ B.I တစ်ယောက် လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက မူးယစ်ဆေးဝါးသုံးစွဲခဲ့တယ်ဆိုတဲ့ သတင်းဟာလည်း တစ်ခုအပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဒီသတင်းထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ B.I ဟ iKON ကနေရော YG Entertainment ကနေပါ ထွက်ခွာသွားခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ YG Entertainment အပေါ် စိတ်ဆိုးဒေါသထွက်မှုတွေလည်းဖြစ်ပေါ်ခဲ့သလို B.I အတွက်လည်း ၀မ်းနည်းခဲ့ကြရပါတယ်။

ဒီလိုမျိုးအကြောင်းအရာတွေဟာ ၂၀၁၉ ခုနှစ် ဇွန်လကတည်းက စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေကို အဲဒီအချိန်ကတည်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ စစ်ဆေးနေတဲ့အချိန်ကာလအတွင်းမှာ ထွက်ပေါ်လာမယ့်နောက်ဆုံးရလဒ်နဲ့ ပတ်သတ်ပြီး ထင်မြင်ယူဆမှုတွေများစွာထွက်ခဲ့တာကြောင့် စိတ်လှုပ်ရှားမှုတွေဖြစ်ပေါ်ခဲ့ရတယ်ဆိုတာကို ပရိသတ်တွေကိုယ်တိုင်အသိဆုံးပဲဖြစ်မှာပါ။

ဒါပေမယ့်လည်း စစ်ဆေးပြီး (၈) လအကြာ ဒီနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာတော့ ပရိသတ်တွေမျှော်လင့်စောင့်စားနေကြတဲ့ သတင်းကောင်းတစ်ခုထွက်ပေါ်လို့လာခဲ့ပါပြီ။ အဲဒါကတော့ ပရိသတ်တွေ ယုံကြည်မျှော်လင့်ခဲ့ကြတဲ့အတိုင်း B.I ဟာ မူးယစ်ဆေးကိုလုံးဝသုံးစွဲထားခြင်းမရှိဘူးဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

ဒါကြောင့် B.I အနေနဲ့ ၈ လအကြာရင်ဆိုင်ခဲ့ရတဲ့ စစ်ဆေးမှုဟာလည်း ပြီးမြောက်လို့သွားခဲ့ပြီဖြစ်ပြီး ဒီသတင်းအကြောင်းအရာကိုတော့ Sports World သတင်းဌာနကနေ ထုတ်ပြန်ကြေညာပေးထားတာ ဖြစ်ပါတယ်။ စွပ်စွဲခံထားခဲ့ရတဲ့အတိုင်း B.I ဟာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက တကယ်ပဲမူးယစ်ဆေးသုံးစွဲထားခဲ့သလားဆိုတာကို ဆံပင်ကနေတဆင့် စမ်းသပ်စစ်ဆေးခဲ့တာဖြစ်ပြီး ထွက်ရှိလာတဲ့ရလဒ်တွေမှာတော့ မူးယစ်ဆေးသုံးစွဲထားခြင်းမရှိဆိုတဲ့ အဖြေသာထွက်ရှိလို့လာခဲ့ပါတယ်။

B.I တစ်ယောက် ၂၀၁၆ ခုနှစ်တုန်းက မူးယစ်ဆေးသုံးစွဲခဲ့တယ်ဆိုတဲ့အကြောင်းကို Han Seo Hee ဆိုတဲ့အမျိုးသမီးက စွပ်စွဲပြောခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ B.I ဟာ သူ့အနေနဲ့ စိတ်ဖိစီးမှုတွေကိုရင်ဆိုင်နေရတာကြောင့် မူးယစ်ဆေးကိုသုံးစွဲဖို့ စိတ်ကူးရှိခဲ့ကြောင်း၊ ဒါပေမယ့်လည်း ဖြစ်ပေါ်လာမယ့်အကျိုးဆက်ကို ကြောက်ရွံ့တာကြောင့် မသုံးဖို့ကို ဆုံးဖြတ်ခဲ့ကြောင်းဆိုတာတွေကို သူကိုယ်တိုင်ဖွင့်ဟ၀န်ခံခဲ့ပါတယ်။

ဒါပေမယ့် အဲဒီနောက်မှာတော့ B.I ဟာ YG နဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို ဖျက်သိမ်းပြီး iKON ကနေ ထွက်ခွာသွားခဲ့ကြောင်းကို YG Entertainment ကနေ ချက်ချင်းဆိုသလို ရက်ပိုင်းအတွင်းမှာတင်ထုတ်ပြန်ပေးခဲ့တာကြောင့် ပရိသတ်တွေမှာ B.I အတွက် ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ကြရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ B.I ရဲ့သတင်းကောင်းအတွက် ကမ္ဘာတစ်ဝှမ်းက iKONIC တွေအကုန်လုံး ၀မ်းသာဂုဏ်ယူနေကြပြီး ဒီ ၂၀၂၀ ထဲမှာ B.I အနေနဲ့ သီချင်းအသစ်တွေနဲ့ အနုပညာလှုပ်ရှားမှုတွေပြန်လည်လုပ်ကိုင်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။ Welcome Back , Kim Hanbin....

Ref : Allkpop
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။