သမိုင်းကပေးတဲ့သင်ခန်းစာကို ခပ်လွယ်လွယ် ချောင်မထိုးလိုက်ပါနဲ့ (သို့) Spanish Flu

Posted on - Apr 4 []

Gunner Ksr

စာရေးသူ

COVID-19 နဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်က လူသားတွေအားလုံး စိုးထိတ်စွာ ဖြတ်သန်းနေကြရပါတယ်။ အဲဒီလိုမျိုး ကပ်ဆိုးမျိုးဟာ နှစ် (၁၀၀) မှာ တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိကြောင်းလည်း မှတ်တမ်းတွေနဲ့တကွ ထွက်ပေါ်လာခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀) ခန့်က COVID-19 လိုမျိုး ကပ်ရောဂါတစ်မျိုး ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ခဲ့ပြီး Spanish Flu လို့ ခေါ်ပါတယ်။Spanish Flu ရဲ့ သေနှုန်းကတော့ ကြောက်စရာကောင်းပြီး လူသန်းပေါင်း (၅၀) ကနေ (၁၀၀) ကြား သေဆုံးခဲ့ရတာပါ။

Spanish Flu ဆိုတာ

Spanish Flu ဆိုတာ ၁၉၁၈ ကနေ ၁၉၂၀ အထိ (၂) နှစ်တိုင် ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးပါ။ ပထမကမ္ဘာစစ်ပြီးဆုံးခါနီး စပိန်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့နိုင်ငံအများအပြားကို ကူးစက်သွားခဲ့တာပါ။

ဘယ်လိုကူးစက်တာလဲ

Spanish Flu ဟာ တုပ်ကွေးအမျိုးအစားဖြစ်ပြီး အသက်ရှုလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တာပါ။ ရောဂါကူးစက်ခံရသူတစ်ဦးဟာ နှာချေတာ၊ ချောင်းဆိုးတာ ဒါမှမဟုတ် စကားပြောတဲ့အခါ အနားမှာရှိတဲ့ ဘယ်သူ့ကို မဆို ကူးစက်နိုင်တာပါ။ ဒါကြောင့်မို့လည်း မှတ်တမ်းတွေအရ ကမ္ဘာပေါ်က လူသန်းပေါင်း (၅၀၀) အထိ ရောဂါကူးစက်ခံရတယ်လို့ သိရပါတယ်။

ဘာကြောင့် အသက်များစွာ ဆုံးရှုံးခဲ့ရတာလဲ

အဆိုးရွားဆုံးကတော့ Spanish Flu ဖြစ်ပွားတဲ့အချိန်က စစ်ပွဲအတွင်းဖြစ်နေလို့ မြို့တွေကို Lockdown လုပ်လို့မရဘူး။ Isolation လုပ်လို့မရပါဘူး။ ဒီရောဂါက အသက် (၂၀) ကနေ (၄၀) အတွင်း အသေများပြီး ရောဂါဖြစ်ပွားပွားချင်း (၂၄) နာရီ အတွင်း သေဆုံးကြရပါတယ်။ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပါတယ်။

သမိုင်းကပေးတဲ့သင်ခန်းစာ

အခု COVID-19 ဟာ Spanish Flu ထက်သာသွားတာက လေကနေတစ်ဆင့်မကူးစက်နိုင်တာပါပဲ။ နောက်ပြီး အခုလိုမျိုး ဆိုရှယ်မီဒီယာတွေ ထွန်းကားလာတဲ့အခါ ကမ္ဘာကြီးက တစ်နေရာမှာ ဘာဖြစ်နေပြီဆိုတာ ချက်ချင်းသိရပါတယ်။ ဒါက ကျွန်တော်တို့အတွက် လက်နက်ကောင်းပါပဲ။ ပြောပြချင်တာက ကျွန်တော်တို့မှာ ဆိုရှယ်မီဒီယာလို လက်နက်ကောင်းမျိုး ရှိနေပြီး Spanish Flu လို သမိုင်းကပေးတဲ့ အကောင်းဆုံးသင်ခန်းစာ လည်း ရှိနေပါတယ်။

ဒါပေမဲ့ လုံးဝပေါ့လျှော့လို့ မရပါဘူး။ တကယ်လို့ ဒါကိုပေါ့ဆပြီး နေလိုက်ရင်တော့ Spanish Flu လို အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ ကပ်ရောဂါကြီးအသွင်ဆောင်သွားနိုင်ပါတယ်။ တကယ်လို့ ကိုယ်သာ ပေါ့ဆခဲ့ရင် ကိုယ်တစ်ယောက်တည်းခံရမှာမဟုတ်ပါဘူး။ အနီးစပ်ဆုံး ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ပါ ထိခိုက်မှာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဆင်ခြေပြီး ညွှန်းကြားထားတဲ့အတိုင်း မကြာခဏ လက်ဆေးပြီး အိမ်မှာပဲ အတတ်နိုင်ဆုံး နေထိုင်ခြင်းအားဖြင့် ဒီကပ်ဆိုးကြီးကို တွန်းလှန်ရပါမယ်။

သမိုင်းကပေးတဲ့သင်ခန်းစာကို အကောင်းဆုံးအတုယူရပါမယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။