ဧကန်မုချ ဟိုးလေးတကျော်ကျော်ဖြစ်လာဦးမယ့် Luo Yunxi နဲ့ Chen Feiyu တို့ရဲ့ ဇာတ်လမ်းတွဲအသစ်

Posted on - Jan 24 []

Mia Zin

စာရေးသူ

တကယ်လို့များ သင်ဟာ တရုတ်ဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင်တော့ အခုတင်ဆက်ဖော်ပြပေးမယ့် သတင်းအကြောင်းအရာကို စိတ်ဝင်စားနှစ်ခြိုက်မိမှာ အမှန်ပါပဲ။ အကြောင်းကတော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ပတ်ဝန်းကျင်လောက်တုန်းက မြန်မာပရိသတ်တွေအကြားမှာ ပျားရည်လွှမ်းတဲ့ချစ်မေတ္တာ (Ashes of Love) ဇာတ်လမ်းတွဲထဲက ညနတ်သားဆိုတဲ့ ဒုတိယဇာတ်ကောင်နဲ့ တစ်ခဲနက်ကြိုက်နှစ်သက်အားပေးမှုကိုရရှိခဲ့သူ မင်းသား Luo Yunxi ကို နောက်ထပ်ဇာတ်လမ်းတွဲအသစ်မှာ အဓိကဇာတ်ဆောင်အဖြစ်နဲ့ မြင်တွေ့ခွင့်ရမယ်ဆိုတာကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒီဇာတ်လမ်းတွဲထဲမှာ Luo Yunxi နဲ့အတူ ပါဝင်သရုပ်ဆောင်မယ့်သူကတော့ Ever Night ဇာတ်လမ်းတွဲနဲ့ လူသိများလာခဲ့တဲ့ မင်းသား Chen Feiyu ဖြစ်ကာ ဇာတ်လမ်းတွဲရဲ့နာမည်ကိုတော့ Immortality လို့ ယာယီနာမည်ပေးထားပါတယ်။ အဆိုပါဇာတ်လမ်းတွဲဟာဆိုရင် စာရေးသူ Meatbun Doesn't Eat Meat ရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ The Husky and His White Cat Shizun ကိုပြန်လည်ရိုက်ကူးပုံဖော်မယ့် ဇာတ်ကားဖြစ်တာကြောင့် ပရိသတ်တွေအတွက်ကတော့ သေချာပေါက်စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်တွဲဖြစ်တယ်လို့ ဆိုလို့ရပါတယ်။

ဝတ္ထုအနေနဲ့ အရမ်းကိုအောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းကို ဇာတ်ကားအသွင်ပြန်လည်ပုံဖော်မယ်ဆိုတဲ့သတင်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကတည်း ကောလဟာလတွေအဖြစ် ထွက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ ဒီဇာတ်လမ်းတွဲထဲမှာ ဘယ်သူတွေက ဘယ်လိုဇာတ်ကောင်နေရာတွေကနေ ပါဝင်သရုပ်ဆောင်မယ်ဆိုတာကို ထင်ကြေးပေးခန့်မှန်းခဲ့ကြပါတယ်။

ဇန်န၀ါရီလ ၂၁ ရက်နေ့မှာတော့ ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့သေချာပြီဖြစ်ကြောင်းနဲ့ အဓိကဇာတ်ကောင် ၂ နေရာမှာ ပါဝင်ကြမယ့် သရုပ်ဆောင်တွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကို အတိအလင်းတရားဝင်အသိပေးကြေညာခဲ့ကာ Chen Feiyu က မော့ရန်ဆိုတဲ့ ဇာတ်ကောင်ကို ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး Luo Yunxi ကိုတော့ ချူးဝမ်နင် ဆိုတဲ့ ဇာတ်ကောင်နေရာကနေ မြင်တွေ့ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့နှစ်တုန်းက အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ The Untamed ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ Tencent Penguin Pictures ကနေ ရိုက်ကူးထုတ်လုပ်မှာဖြစ်တဲ့အပြင် ၀တ္ထုကြောင့်ရော၊ ပါဝင်ကြမယ့် သရုပ်ဆောင်တွေကြောင့်ပါ အဆိုပါဇာတ်လမ်းတွဲဟာလည်း The Untamed လိုမျိုး အောင်မြင်မှုတွေအကြီးအကျယ်ရရှိဦးမှာဖြစ်တယ်လို့ ပရိသတ်တွေအများစုက ကောက်ချက်ချ မျှော်လင့်ထားကြပါတယ်။

လက်ရှိအချိန်မှာတော့ ရိုက်ကူးမယ့်ရက်နဲ့ ထုတ်လွှင့်ပြသမယ့် အချိန်ကာလတို့ကို အတိအကျထုတ်ပြန်ထားခြင်းတော့ မရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းတွဲဟာလည်း ပြသတဲ့အချိန်ကျရင် ပရိသတ်တွေအကြားမှာ ဧကန်မုချ ဟိုးလေးတကျော်ကျော်ဖြစ်လာဦးမယ်ဆိုတာကတော့ အသေအချာပါပဲ။

Ref : DramaPanda
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။