ဝူဟန်ဗိုင်းရပ်စ်ကြောင့် ရိုက်ကူးရေးတွေ ရပ်နားလိုက်ကြတဲ့ တရုတ်ဇာတ်လမ်းတွဲများ

Posted on - Jan 27 []

Mia Zin

စာရေးသူ

လတ်တလော မြန်မာနိုင်ငံအတွင်းမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးက လူသန်းပေါင်းများစွာကို ခြောက်လှန့်နေတဲ့ရောဂါတစ်မျိုးကတော့ ၀ူဟန်ဗိုင်းရပ်စ်လို့ အလွယ်ခေါ်ကြတဲ့ အဆုတ်ရောင်ရောဂါ (2019-nCoV) ဖြစ်ပြီး ဒီဗိုင်းရပ်စ်ကို ကုသဖို့နဲ့ ကာကွယ်ဖို့က ဆေးဝါးမရှိသေးတာကြောင့် တစ်ကမ္ဘာလုံးကလူတွေအနေနဲ့ ထိတ်လန့်နေကြတာဖြစ်ပါတယ်။

အခုဆိုရင် အသက်ကိုဆုံးရှုံးနိုင်တဲ့ အဆိုပါဗိုင်းရပ်စ်ပိုးဟာ အာရှနိုင်ငံအတော်များများကို ပျံ့နှံ့နေပြီဖြစ်ပြီး တရုတ်နိုင်ငံမှာလည်း ကူးစက်ခံရသူနဲ့ သေဆုံးသူတွေလည်း မြင့်တက်လျှက်ရှိတာကြောင့် ဗိုင်းရပ်စ်ပိုးကိုစတင်တွေ့ရှိခဲ့တဲ့ ၀ူဟန်မြို့ကိုလည်း ၀င်ထွက်သွားလာခွင့်တွေပိတ်ပစ်လိုက်ပြီဖြစ်ကာ လေကြောင်းခရီးစဉ်တွေ အကုန်လုံးကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

လက်ရှိတရုတ်နိုင်ငံမှာက တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်ဖြစ်တာကြောင့် နှစ်သစ်ကူးအားလပ်ရပ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ အစိုးရကတိုးမြှင့်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လူတွေအတော်များများဟာ ဒီရက်ပိုင်းအတွင်းမှာတော့ မိမိတို့ရဲ့အိမ်တွေမှာပဲနေထိုင်နေကြရမှာဖြစ်ပြီး လူစည်ကားတဲ့နေရာတွေဆီ သွားရောက်ခြင်းကိုတော့ ရှောင်ရှားထားကြတယ်လို့ သိရပါတယ်။

အစိုးရရဲ့ဒီလိုမျိုးထုတ်ပြန်ချက်ထွက်ရှိလာပြီးနောက်မှာတော့ ဇာတ်လမ်းတွဲတွေရိုက်ကူးလျှက်ရှိတဲ့ နေရာဒေသပြည်နယ်တွေကလည်း လူစုလူဝေဖြစ်တာတွေကို ရပ်တန့်ပေးဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လက်ရှိမှာရိုက်ကူးလက်စရှိတဲ့ ဇာတ်လမ်းတွဲအချို့ဟာ သူတို့တွေရဲ့ရိုက်ကူးရေးတွေကို ယာယီရပ်နားလိုက်ကြောင်း ကြေညခဲ့ပါတယ်။

ဒီလိုမျိုးရပ်နားလိုက်တဲ့ ဇာတ်လမ်းတွဲတွေကတော့ Wang Kai, Yang Shuo နဲ့ Dong Zijian တို့ ပါဝင်သရုပ်ဆောင်လျှက်ရှိတဲ့ Like A Flowing River 2, Yang Mi နဲ့ Bai Yu တို့ တွဲဖက်ပါဝင်ထားကြတဲ့ Thank You Doctor ဇာတ်လမ်းတွဲနဲ့ Zhao Liying နဲ့ Wang Yibo တို့ ပါဝင်ထားကြတဲ့ Legend of Fei တို့ပဲ ဖြစ်ပါတယ်။

Thank You Doctor ဇာတ်လမ်းတွဲရဲ့ ရိုက်ကူးရေးတွေ ရပ်နားလိုက်ကြောင်းကိုတော့ မနေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတာ့ Like A Flowing River 2 ရဲ့ ရိုက်ကူးရေးကိုလည်း ရပ်နားလိုက်ကြောင်း အသိပေးခဲ့ပါတယ်။ Zhao Liying နဲ့ Wang Yibo တို့ ပါဝင်ထားကြတဲ့ Legend of Fei ဇာတ်လမ်းတွဲရဲ့ ရိုက်ကူးရေးရပ်နားလိုက်ကြောင်းကိုတော့ ဒီနေ့ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိအချိန်မှာ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေကြဆဲအဆင့်ရှိသေးတာကြောင့် ဘယ်နေ့၊ ဘယ်ရက်မှာ ရိုက်ကူးရေးပြန်စမှာ ဖြစ်ကြောင်းကိုတော့ ကြေညာထားခြင်း မရှိသေးပါဘူး။ နိုင်ငံတကာက ပရိသတ်တွေကတော့ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ထည့်တွက်ပြီးစဉ်းစားပေးတဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ကြပြီး လက်ရှိရင်ဆိုင်နေရတဲ့ ရောဂါကပ်ဘေးကြီးကိုလည်း အမြန်ဆုံးကျော်လွှားနိုင်ဖို့အတွက် မျှော်လင့်ထားကြပါတယ်။

Ref : DramaPanda
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။